ပေါက်ကြားစာအရ ခလရ (၉၈) မှာ နောက်ချန်အင်အား ၂၀ မပြည့်တော့

ဧရာဝတီတိုင်း ဖျာပုံမြို့မှာ အခြေစိုက်တဲ့ အမှတ် (၉၈) ခြေလျင်တပ်ရင်း/ခလရ (၉၈)တပ် မှာ နောက်ချန်အင်အား အယောက် ၂၀ ပင် မပြည့်တော့တာကို CJ Platform က ရရှိထားတဲ့ တပ်တွင်းပေါက်ကြားစာအရ သိရပါတယ်။
ပေါက်ကြားလာတဲ့ ခလရ (၉၈) ရဲ့ တပ်ရင်းအဆင့် မိသားစုစည်းရုံးရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မတီ ၂၀၂၅ မေလ အစီရင်ခံစာမှာ တပ်တွင်းလှုပ်ရှားမှုနဲ့ အစည်းအဝေးတွေမှာ တက်ရောက်တဲ့ အရာရှိ စစ်သည်အရေအတွက်ဟာ အများဆုံး ၁၅ ဦးသာ တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။
ဒီလိုအင်အားနည်းနေချိန်မှာ စစ်ကောင်စီတပ်သားတွေရဲ့ ဇနီးတွေ ကို နောက်တန်းဌာနချုပ် လုံခြုံရေးအတွက် စစ်သင်တန်းတွေ ပေးတာတွေ လုပ်ဆောင်နေပါတယ်။
အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) လက်အောက်ခံ ဖျာပုံအခြေစိုက် ခလရ (၉၈) တပ်ဟာ ရခိုင်ပြည်နယ်ကို ရှေ့တန်းထွက်နေရပြီး အကျအဆုံးများနေတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။
ပေါက်ကြားလာတဲ့ လျှို့ဝှက်စာမှာတော့ မောင်တစ်ထမ်းမယ်တစ်ရွက်ဆိုတဲ့ စကားအတိုင်း တပ်ရင်း နောက်တန်းဌာနချုပ်ကို ခင်ပွန်းသည်တွေကိုယ်စား ကာကွယ်နိုင်ဖို့ စစ်ပညာသင်ကြား ဖွင့်လှစ်လေ့ကျင့်ပေးမယ်ဆိုပြီး ပါရှိပါတယ်။
စစ်သင်တန်းအနေနဲ့ အခြေခံစစ်ပညာ မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ကို မေလ ၁၂ ရက်ကနေ ၂၃ အထိ ၁၂ ရက်ကြာ ရဲမေ အယောက် ၃၀ ကိုသင်တန်းပေးခဲ့တယ်လို့ဆိုပါတယ်။
တပ်ရင်းလုံခြုံရေးစီမံချက်အနေနဲ့ ဇာတ်တိုက်လေ့ကျင့်တာတွေလည်း လုပ်နေရပြီး ဖျာပုံတပ်အနေနဲ့ မေလ ၁၉ ရက်နေ့ နံနက် ၈နာရီကနေ ၉ နာရီခွဲအထိ အရာရှိ/စစ်သည် ၁၄ ဦး၊ ရဲမေ ၃၉ ဦးနဲ့ လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
CJ Platform က ရရှိထားတဲ့ တပ်တွင်းပေါက်ကြားစာမှာတော့ တပ်ရင်းလုံခြုံရေးအပြင် တပ်တွင်း၊ တပ်ပြင် စည်းရုံးတွေ အဓိကလုပ်ဆောင်နေတာကိုတွေ့ရပြီး တပ်တွင်းစည်းလုံးရေးမပြိုကွဲအောင် အလေးထား လုပ်ဆောင်နေရတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်း အဆိုပါ ဖျာပုံတပ်က တပ်ရင်းမှူးနဲ့ မိသားစုဝင်တွေကို လာဘ်စားမှု၊ တပ်သားတွေ ထွက်ပြေးမှုများနေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။
စစ်ကောင်စီအနေနဲ့ တပ်ရင်းအများစုမှာ စစ်သားဇနီးတွေကို စစ်သင်တန်းပေးနေပြီး အရာရှိတွေရဲ့ ဇနီးတွေလည်း စစ်သင်တန်း တက်ရောက်နေရပါတယ်။ ဒါ့အပြင် စစ်သင်တန်းတက်ပြီးသူနဲ့ မတက်ရသေးသူဆိုပြီး အချက်အလက် ကောက်ယူမှုတွေပြုလုပ်နေတာကို CJ Platform က လက်ခံရရှိထားတဲ့ ပေါက်ကြားစာတွေအရ သိရပါတယ်။