ထိုင်း–ကမ္ဘောဒီးယား နှစ်နိုင်ငံအငြင်းပွားဒေသက တောင်ကုန်းတစ်ခုကို ထိုင်းစစ်တပ် သိမ်းယူ

Author CJ Platform
Categories
Published on Jul 26, 2025

ထိုင်း–ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်အငြင်းပွားဒေသအနီးက ဖူမာခူအာတောင်ကုန်းကို ထိုင်းစစ်တပ်က ဒီနေ့မနက်အစောပိုင်းမှာ သိမ်းယူခဲ့ပြီး ထိုင်းနိုင်ငံအလံကို လွှင့်ထူခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

 

နှစ်နိုင်ငံနယ်စပ် ထိုင်းဘက်ခြမ်း ဆစ်ဆာကက်ခရိုင်အတွင်းမှာရှိတဲ့ ဖူမာခူအာတောင်ကုန်းနေရာကို ထိုင်းစစ်တပ်က မနေ့ညနေပိုင်းမှာ စစ်ဆင်ရေးစတင်ခဲ့ပြီး ၆ နာရီ ၅၀ မိနစ်မှာ ထိန်းချုပ်နိုင်ခဲ့ကာ ဒီနေ့မနက်ပိုင်းမှာ ထိုင်းနိုင်ငံအလံ စိုက်ထူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

 

ဖူမာခူအာတောင်ကုန်းကို ထိုင်းစစ်တပ်က ထိန်းချုပ်ခဲ့ပြီးနောက် ဒီနေ့မနက် ၃ နာရီခွဲဝန်းကျင်မှာ ကမ္ဘောဒီးယားစစ်တပ်က တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမဲ့ ဆက်လက် ထိန်းချုပ်ထားနိုင်ဆဲဖြစ်တယ်လို့ ထိုင်းစစ်တပ်က Royal Thai Army (RTATrend) လူမှုကွန်ရက် ဖေ့စ်ဘုတ်ပေ့ချ်ကနေတဆင့် ထုတ်ပြန်ထားပါတယ်။

 

ဖူမာခူအာတောင်ကုန်းဟာ ထိုင်း–ကမ္ဘောဒီးယား နှစ်နိုင်ငံအငြင်းပွားနေတဲ့ ဘုရားကျောင်းအနီး အနောက်ဘက်ခြမ်းမှာရှိနေတာလည်း ဖြစ်ပါတယ်။

 

ဖူမာခူအာဒေသတဝိုက်မှာရှိတဲ့ ကမ္ဘောဒီးယားတပ်စခန်းတွေကို ၉၀ ရာခိုင်နှုန်းနီးပါး ချေမှုန်းရှင်းလင်းနိုင်ခဲ့ပြီး ကျန်ရှိနေသေးတဲ့ ၁၀ ရာခိုင်နှုန်းကိုလည်း ဆက်လက်ရှင်းလင်းနေဆဲဖြစ်ပေမဲ့ ဒေသတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ခဲ့ကာ ထိုင်းနိုင်ငံအလံကို လွှင့်ထူနိုင်ခဲ့ပြီလို့ ထိုင်းစစ်တပ်က မနက် ၈ နာရီ ၄၅ မိနစ်မှာ ထပ်မံထုတ်ပြန်ထားပါတယ်။

 

“ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်နက်နယ်မြေကို ဘယ်သူတစ်ဦးတစ်ယောက်မှ ကျူးကျော်တာမျိုးကို ခွင့်ပြုမှာမဟုတ်ဘူး” လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါသေးတယ်။

 

ထိုင်းစစ်တပ်က ဖူမာခူအာတောင်ကုန်းကို သိမ်းယူပြီးချိန် တုံ့ပြန်တိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကမ္ဘောဒီးယားစစ်တပ်က ပြောဆိုခဲ့တာကြောင့် ထိုင်းနယ်စပ်ပြည်သူတွေအနေနဲ့ ကမ္ဘောဒီးယားစစ်တပ်ရဲ့ PHL–03 တာဝေးပစ်လက်နက်ကြီးတွေရန်ကို အထူးသတိထားကြဖို့ကိုလည်း ထိုင်းစစ်တပ်က သတိပေးထုတ်ပြန်ထားပါတယ်။

 

Ref – The Nation

ဓာတ်ပုံ – Khaosod