Starlink ဝန်ဆောင်မှုဟာ ကမ္ဘာလုံးဆိုင်ရာ ပထဝီနိုင်ငံရေးနဲ့ လုံခြုံရေးအပေါ် သြဇာလွှမ်းမိုးနိုင်မှု အန္တရာယ်ရှိလာ

၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း ယူကရိန်းက ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်လည်ရယူဖို့ အရေးပါတဲ့ ထိုးစစ်ဆင်နေချိန်မှာ၊ ဘီလျံနာသူဌေးကြီး အီလွန်မတ်က သူ့ရဲ့ Starlink ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုကို ပိတ်ပစ်ဖို့ အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒီလုပ်ရပ်ဟာ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ကို အနှောင့်အယှက်ဖြစ်စေခဲ့ပြီး စစ်ပွဲအစောပိုင်းကတည်းက Starlink ကို အားကိုးခဲ့ရတဲ့ ယူကရိန်းရဲ့ ယုံကြည်မှုကို ထိခိုက်စေခဲ့တယ်လို့ ရိုက်တာသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဒီအမိန့်ကြောင့် စစ်မြေပြင်က ယူကရိန်းတပ်တွေရဲ့ ဆက်သွယ်ရေးတွေ ရုတ်တရက် ပြတ်တောက်သွားခဲ့ပြီး စစ်သားတွေ ထိတ်လန့်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ရုရှားတပ်တွေကို ထောက်လှမ်းနေတဲ့ ဒရုန်းတွေ အမှောင်ကျသွားခဲ့သလို၊ Starlink ကို အားကိုးနေရတဲ့ အမြောက်တပ်တွေလည်း ပစ်မှတ်တွေကို တိတိကျကျပစ်ခတ်ဖို့ အခက်တွေ့ခဲ့တယ်လို့ သိရပါတယ်။ ဒီပြတ်တောက်မှုကြောင့် ခါဆွန်ဒေသက ဘယ်ရီဆလပ်မြို့မှာရှိတဲ့ ရုရှားတပ်တွေကို ဝိုင်းရံပိတ်ဆို့ဖို့ ကြိုးပမ်းမှုတစ်ခု လုံးဝရပ်တန့်ပြီး မအောင်မြင်ခဲ့ဘူးလို့ ယူကရိန်းစစ်ဘက်အရာရှိတစ်ဦးက ပြောပါတယ်။
အီလွန်မတ်စ်ရဲ့ ဒီအမိန့်ဟာ ယူကရိန်းရဲ့ ထိုးစစ်တွေကြောင့် ရုရှားက နျူကလီးယားလက်နက်နဲ့ တန်ပြန်တိုက်ခိုက်လာမှာကို စိုးရိမ်တာကြောင့် ဖြစ်နိုင်တယ်လို့ အခြေအနေကို သိတဲ့သူတွေက ပြောပါတယ်။ ဒါပေမဲ့ အီလွန်မတ်ကတော့ ဒီလိုလုပ်ရပ်မျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူးလို့ လူမှုကွန်ရက် X မှာ ရေးသားပြီး ငြင်းဆိုခဲ့ဖူးပါတယ်။ SpaceX ကုမ္ပဏီကလည်း ဒီသတင်းဟာ “မတိကျဘူး” လို့ တုံ့ပြန်ခဲ့ပေမဲ့ ဘယ်အချက်တွေ မှားနေတယ်ဆိုတာကိုတော့ အတိအကျ ပြောဆိုခဲ့ခြင်းမရှိပါဘူး။
ဒီဖြစ်ရပ်ဟာ အီလွန်မတ်တစ်ယောက်တည်းရဲ့ လက်ထဲမှာရှိနေတဲ့ Starlink ဝန်ဆောင်မှုရဲ့ ကမ္ဘာလုံးဆိုင်ရာ ပထဝီနိုင်ငံရေးနဲ့ လုံခြုံရေးအပေါ် သြဇာလွှမ်းမိုးနိုင်မှု အန္တရာယ်ကို မီးမောင်းထိုးပြနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
အခုအခါမှာဆိုရင် ဗြိတိန်၊ အီတလီနဲ့ ထိုင်ဝမ်လို နိုင်ငံတွေဟာ အရေးကြီးတဲ့ အခြေခံအဆောက်အအုံအတွက် ပုဂ္ဂလိကကုမ္ပဏီတစ်ခုတည်းကို မှီခိုနေရတဲ့အပေါ် စိုးရိမ်မှုတွေ ရှိလာကြပါတယ်။
Source – Reuters