ပြင်သစ်တရားရုံးက ဆီးရီးယားသမ္မတဟောင်းကို ဝရမ်းအသစ်ထုတ်ဖို့ လမ်းဖွင့်ပေး

၂၀၂၃ ခုနှစ်က ဆီးရီးယားသမ္မတဟောင်း ဘာရှာအယ်လ်အာဆတ်ကို ထုတ်ပြန်ခဲ့တဲ့ ဖမ်းဝရမ်းဟာ အဲဒီအချိန်က နိုင်ငံ့အကြီးအကဲဖြစ်နေသူတိုကို ဝရမ်းထုတ်ခဲ့တာမို့လို့ နိုင်ငံတကာ ဥပဒေအရ တရားမဝင်ဘူးလို့ ပြင်သစ်ရဲ့အမြင့်ဆုံးတရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့်လည်း အခုချိန်မှာ အာဆတ်ဟာ ရာထူးမရှိတော့တဲ့အတွက် ဖမ်းဝရမ်းအသစ်တစ်ခု ထုတ်ပြန်နိုင်တယ်လို့ တရားရုံးဘက်က ပြောပါတယ်။
နိုင်ငံတကာဥပဒေအရ လက်ရှိအာဏာရခေါင်းဆောင်တွေကို တရားစွဲဆိုခြင်းကနေ အကာအကွယ်ပေးထားပေမယ့် သူတို့ရာထူးကနေ ထွက်ခွာသွားချိန်မှာတော့ ဥပဒေအရ အရေးယူဆောင်ရွက်နိုင်တယ်လို့ ပြင်သစ်တရားရုံးက ရှင်းလင်းပြောကြားခဲ့ပါတယ်။
အရင်ဖမ်းဝရမ်းဟာ ၂၀၁၃ ခုနှစ်က ဒူးမားနဲ့ အရှေ့ဂူတာဒေသတွေမှာ လူပေါင်း ၁,၀၀၀ ကျော် သေဆုံးခဲ့တဲ့ ဓာတုလက်နက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ပြင်သစ်က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ရာကနေ ထွက်ပေါ်လာတာပါ။ အာဆတ်အစိုးရကတော့ ဓာတုလက်နက်တွေ သုံးစွဲခဲ့တာကို ငြင်းဆိုထားပါတယ်။
အာဆတ်ဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ရာထူးကနေ ဖယ်ရှားခံခဲ့ရပြီး ရုရှားနိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားတာပါ။
ဥပဒေကျွမ်းကျင်သူတွေကတော့ ဒီဆုံးဖြတ်ချက်ကို လက်လွတ်သွားတဲ့ အခွင့်အရေးတစ်ခုအဖြစ် ရှုမြင်ကြပေမယ့် တရားရုံးက တာဝန်ခံမှုရှိစေဖို့ ကြိုးပမ်းတဲ့အပေါ်ကိုတော့ ကြိုဆိုခဲ့ကြပါတယ်။
ပြင်သစ်-ဆီးရီးယားနိုင်ငံသားတစ်ဦး သေဆုံးခဲ့တဲ့ ၂၀၁၇ ခုနှစ်က အရပ်သားတွေအပေါ် ဗုံးကြဲတိုက်ခိုက်မှုမှာ အာဆတ်ရဲ့ ပါဝင်ပတ်သက်ရှိတယ်လို့သံသယရှိ တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ပြင်သစ်က ဒီနှစ် ဇန်နဝါရီလမှာ သီးခြားဖမ်းဝရမ်းတစ်ခု ထုတ်ပြန်ထားပါသေးတယ်။
ပြင်သစ်နိုင်ငံဟာ နိုင်ငံတွင်းမှာတင်မဟုတ်ဘဲ နိုင်ငံရပ်ခြားမှာကျူးလွန်တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တရားစွဲဆိုခွင့်ပြုတဲ့ နိုင်ငံအနည်းငယ်ထဲက တစ်နိုင်ငံလည်းဖြစ်ပါတယ်။
Source – Reuters
ဓာတ်ပုံ – Reuters