တင်းမာမှုတွေကြား ဥရောပနဲ့ နျူကလီးယားဆိုင်ရာ ဆွေးနွေးပွဲ အီရန် ပြန်လည်ပြုလုပ်

Author CJ Platform
Categories
Published on Jul 26, 2025

ပြီးခဲ့တဲ့ ဇွန်လအတွင်းက ဖြစ်ပွားခဲ့တဲ့ အစ္စရေး–အီရန် ပဋိပက္ခနဲ့ အီရန်ရဲ့ နျူကလီးယားစခန်းတွေကို အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အီရန်ဟာ ဗြိတိန်၊ ဂျာမနီနဲ့ ပြင်သစ် (E3) သံတမန်တွေနဲ့ နျူကလီးယားဆိုင်ရာ ဆွေးနွေးပွဲကို အစ္စတန်ဘူလ်မြို့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီ ဆွေးနွေးပွဲမှာ လာမယ့် သြဂုတ်လကုန်အထိ အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို ကန့်သတ်ဖို့ သဘောမတူရင် ပိတ်ဆို့အရေးယူမှုတွေ ပြန်လည်ချမှတ်နိုင်တယ်လို့ E3 အဖွဲ့က သတိပေးထားတယ်လို့ သိရပါတယ်။

 

အီရန်ဘက်ကတော့ E3 အဖွဲ့ဟာ အမေရိကန်နဲ့ အစ္စရေးရဲ့ ကျူးကျော်မှုကို အားပေးနေတယ်လို့ စွပ်စွဲပြောကြားခဲ့တယ်လို့ သိရပါတယ်။

 

အီရန်ရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးကတော့ ဆွေးနွေးပွဲအပြီးမှာ ဒီဆွေးနွေးပွဲတွေဟာ “လေးနက်ပြီး အသေးစိတ်ကျတဲ့” ဆွေးနွေးမှုတွေဖြစ်တယ်လို့ ပြောကြားခဲ့ပြီး နောက်ထပ် ဆွေးနွေးပွဲတွေ ဆက်လက်ပြုလုပ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

 

ဒီဆွေးနွေးပွဲတွေဟာ အီရန်ရဲ့ နျူကလီးယား ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး နှစ်ပေါင်းများစွာ တင်းမာမှုတွေ ဖြစ်ပွားပြီးနောက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

 

အီရန်ကတော့ သူတို့က နျူကလီးယားစွမ်းအင်ကို စစ်ဘက်အတွက်မဟုတ်ဘဲ အရပ်ဘက်အတွက်သာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

 

၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူညီချက်အရ အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို ကန့်သတ်ထားခဲ့ပေမယ့် သမ္မတထရမ့် လက်ထက် ၂၀၁၈ ခုနှစ်မှာ အမေရိကန်က သဘောတူညီချက်ကနေ နုတ်ထွက်ပြီး အီရန်အပေါ် အရေးယူပိတ်ဆို့မှုတွေကို ပြန်လည်ချမှတ်ခဲ့ပါတယ်။

 

အဲဒီနောက်မှာ အီရန်ကလည်း သဘောတူညီချက်ပါ ကန့်သတ်ချက်တွေကို ချိုးဖောက်ပြီး တုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။

 

အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ကတော့ အီရန်ဟာ နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ ဆန္ဒရှိနိုင်ပေမယ့် ပိုပြီး ပွင့်လင်းမြင်သာမှုရှိဖို့ တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။

 

တစ်ချိန်တည်းမှာပဲ ဇွန်လက ဖြစ်ပွားခဲ့တဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေနဲ့ အမေရိကန်ရဲ့ စစ်ရေးအရ အရေးယူမှုတွေကြောင့် အီရန်ပါလီမန်ဟာ နျူကလီးယားအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ စောင့်ကြည့်ရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုကို မကြာသေးခင်က ရပ်ဆိုင်းခဲ့တယ်လို့ သိရပါတယ်။

 

Source – BBC

 

ဓာတ်ပုံ – BBC