ပုလောမှာ စစ်ကောင်စီကြောင့် ခရီးသွားပြည်သူ ၁၀ ဦး သေဆုံး

တနင်္သာရီတိုင်း ပုလောမြို့ ဇရပ်ဆိပ်ရွာကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ကြီးနဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံနဲ့ ခရီးသွားပြည်သူ ၁၀ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။
ပုလောမြို့နယ် ဇရပ်ဆိပ်ရွာထဲက နေအိမ်တစ်လုံးကို စစ်ကောင်စီက မနေ့ ဇူလိုင် ၂၅ ရက် ည ၁၀ နာရီခွဲဝန်းကျင်မှာ ဒရုန်းနဲ့ ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ တစ်ဦး သေဆုံးခဲ့သလို နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ထိခိုက်ဒဏ်ရာ ရရှိသူတွေကို ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေချိန်မှာ ပါဒစက်တော်ရာတောင်ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်ခဲ့တာကြောင့် တည်းခိုရာအိမ်နေရာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး နောက်ထပ် ပြည်သူ ၉ ဦး ထပ်မံသေဆုံးခဲ့ကာ ၃ ဦး ထပ်မံထိခိုက်ဒဏ်ရာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
“သေဆုံးသူတွေက အိမ်ရှင်အမျိုးသားတစ်ဦးနဲ့ ကျန်တာတွေက ခရီးသွားတွေ။ ထိခိုက်ဒဏ်ရာ ရသူတွေထဲမှာ အိမ်ရှင်အမျိုးသမီးလည်း ပါတယ်” လို့ မြိတ်ခရိုင် တပ်ရင်း ၁ သတင်းပြန်ကြားရေး တာဝန်ခံ ကိုကောင်းခန့်ကျော်က CJ Platform သတင်းဌာနကို ပြောပါတယ်။
စစ်ကောင်စီရဲ့ ဒရုန်းနဲ့ ဗုံးကြဲပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့သူတွေဟာ ခရီးသွားပြည်သူတွေဖြစ်ပြီး၊ ပြည်ထောင်စုလမ်းမကြီးပေါ် တိုက်ပွဲကြောင့် ရှေ့မဆက်နိုင်ဘဲ ဇရပ်ဆိပ်ရွာက နေအိမ်မှာတစ်ခု တည်းခိုနေထိုင်ကြတာလည်း ဖြစ်ပါတယ်။
မြိတ်-ပုလော ကားလမ်းနံဘေး ဘုတ်ရွာလမ်းဆုံအနီးမှာ စစ်ကောင်စီ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် (ကရခ) လက်အောက်ခံ အမှတ် ၁၇ ခြေလျင်တပ်ရင်း ရှိနေပြီး ပါဒစက်တော်ရာတောင်ပေါ်မှာလည်း စစ်ကောင်စီ ကာကွယ်စခန်းတစ်ခု ရှိနေတာလည်း ဖြစ်ပါတယ်။
ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက မြေပြင်၊ ဝေဟင်နဲ့ ရေပြင်တပ်တွေကိုပါ အသုံးပြု တိုက်ခိုက်နေတာကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး မြိတ်–ပုလော လမ်းပိုင်းကို အသုံးမပြုဖို့ကိုလည်း မြိတ်ခရိုင် တပ်ရင်း ၁ က မနေ့ ဇူလိုင် ၂၅ ရက်မှာ ထုတ်ပြန်ထားပါသေးတယ်။
ဓာတ်ပုံ – မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း