လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လွှဲပြောင်းပြီးနောက် နောက်ဆက်တွဲ ဂယက်

Author CJ Platform
Categories
Published on Jul 26, 2025

ရှမ်းပြည် လားရှိုးမြို့ကို ကိုးကန့်တပ် MNDAA က စစ်ကောင်စီထံ ပြန်လွှဲပြောင်းပြီးနောက်မှာ မြို့သိမ်းတိုက်ပွဲအပြီး MNDAA ဆီမှာ ဌာနဆိုင်ရာ လုပ်ငန်းတာဝန်တွေကို ဝင်ရောက် လုပ်ဆောင်ခဲ့တဲ့ Non CDM တွေနဲ့ CDM ဝန်ထမ်းတွေအကြား ပွတ်တိုက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသတွင်း CDM ဝန်ထမ်းတွေဆီက သိရပါတယ်။

 

MNDAA က လားရှိုးမြို့ကို မသိမ်းပိုက်မီ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်ဆဲဖြစ်တဲ့ Non CDM ဝန်ထမ်းတွေဟာ စစ်ကောင်စီက လက်နက်ချချိန် စစ်ဘေးရှောင်အဖြစ် ထွက်ပြေးသွားခဲ့ပြီး လားရှိုးမြို့ကို MNDAA အုပ်ချုပ်နေချိန် ဌာနဆိုင်ရာ လုပ်ငန်းတွေ ပြန်လည် လည်ပတ်ရေးအတွက် CDM ဝန်ထမ်းတွေ အပါအဝင် စစ်ဘေးရှောင်သွားတဲ့ Non CDM ဝန်ထမ်းတွေကိုပါ ပြန်လည် ခေါ်ယူခဲ့ပါတယ်။

 

လားရှိုးမြို့ကို MNDAA က စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းချိန်မှာ သူတို့လက်အောက်မှာ ဝင်ရောက်လုပ်ကိုင်ခဲ့တဲ့ ဝန်ထမ်းတွေကို သူတို့ ပြောင်းရွေ့ဒေသတွေကို ခေါ်ဆောင်သွားပြီး ထောက်ပံ့ပေးထားပါတယ်။ တစ်ချိန်က Non CDM ဝန်ထမ်းဖြစ်ခဲ့ဖူးသူတွေဟာ MNDAA လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တာကြောင့် စစ်ကောင်စီထံ ပြန်မသွားရဲဘဲ အခြား CDM ဝန်ထမ်းတွေနဲ့ အတူတွဲနေချိန်မှာ ပွတ်တိုက်မှုတွေ ဖြစ်ပွားလာတာဖြစ်တယ်လို့ သိရပါတယ်။

 

“စစ်တပ်အုပ်ချုပ်နေတဲ့ လားရှိုးမြို့က စာသင်ကျောင်းတွေမှာ အရင်က Non ဖြစ်ဖူးတဲ့ သူတွေက သူတို့သားသမီးတွေကို ကျောင်းသွားထားတယ်၊ MNDAA ကလဲ ကျောင်းတွေ အများကြီးဖွင့်ထားပေးပေမဲ့ မထားဘူး၊ အဲဒီမှာ လားရှိုးက Non CDM တွေက လှောင်ရယ်တာရော သတင်းအချက်အလက် ပေါက်ကြားတာတွေပါ ဖြစ်လာတယ်”လို့ MNDAA အုပ်ချုပ်နယ်မြေမှာ နေထိုင်တဲ့ CDM ဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

အာဏာသိမ်းပြီးနောက် CDM လုပ်ဆောင်ခဲ့တဲ့ ဝန်ထမ်းတွေနဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲ မတိုင်ခင်အထိ Non CDM လုပ်ဆောင်ပြီးမှ MNDAA ဆီ ခိုလှုံခဲ့တဲ့ ဝန်ထမ်းတွေဟာ အစုအဖွဲ့တစ်ခုစီအကြား သံသယဖြစ်မှုတွေ ကြီးစိုးလာနေကြတယ်လို့ CDM ဝန်ထမ်းအသိုင်းဝန်းဆီက သိရပါတယ်။

 

ဓာတ်ပုံ – လားရှိုးမြို့ ပြန်လည်ထူထောင်ရေး

 

ပုံစာ – လားရှိုးမြို့တွင်းတစ်နေရာကို မြင်ရပုံ (ပုံဟောင်း)