မကွေးမှာ စစ်မှုဇုန်လုပ်ဖို့ စစ်ကောင်စီက မြေသိမ်းမယ်

မကွေးတိုင်း မကွေးမြို့မှာ စစ်မှုဇုန်တစ်ခု ဖော်ဆောင်ရေးအတွက် ပြည်သူ ၄၃ဦးပိုင် မြေယာတွေကို သိမ်းဆည်းဖို့ စစ်ကောင်စီက သူ့လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ဇွန်လ ၁၉ရက်နေ့မှာ ညွှန်ကြားထားပါတယ်။
မြေသိမ်းအက်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (၂) အရ တောင်သူတွေရဲ့ မြေတွေကို သိမ်းဆည်းပြီး မကွေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးက မြေသိမ်းအရာရှိအဖြစ် လုပ်ဆောင်မှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ အမိန့်ကြော်ငြာမှာ ဖော်ပြထားပါတယ်။
သိမ်းဆည်းမယ့် မြေနေရာဟာ မကွေးမြို့နယ် မကြီးကန်ကျေးရွာအုပ်စုက ပြေ ၆၃ဒသမ သုည၃ ဧက၊ မယ်လှတောင်ကျေးရွာအုပ်စုက ၁၅ဒသမ၅၉ ဧကဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီက သိမ်းဆည်းမယ့် မြေနေရာတွေဟာ မူလပိုင်ရှင်တွေဖြစ်တဲ့ ဒေါ်လှမြင့်၊ ဦးဘိုသန်း၊ ဒေါ်ပိုက်၊ ဦးမြအောင်၊ ဦးဌေးဝင်း၊ ဦးသောင်းမြိုင်၊ ဦးအုန်းညွန့်၊ ဒေါ်ခင်သိုက်၊ ဒေါ်ဌေးဌေးဝင်း၊ ဦးလှ၊ ဒေါ်ခင်အေး၊ ဦးပိုက်ထွေး၊ ဦးလှမြင့်၊ ဦးဘသန်း၊ ဦးခင်မောင်ညွန့်၊ ဦးအေးသောင်း၊ ဦးအုန်းကြည်၊ ဦးလှဝင်း၊ ဦးခင်စိုး၊ ဦးသောင်းရွှေ၊ ဦးသောင်းနိုင်၊ ဒေါ်ခင်အိ၊ ဦးအုန်းညွန့်၊ ဦးဝင်းညွန့်၊ ဦးစိုးမင်း၊ ဦးမောင်ဝင်း၊ ဦးဖြိုးဝေ၊ ဦးမြသောင်း၊ ဒေါ်စိန်မြင့်၊ ဦးမှုံတင်၊ ဦးကုလားကြီး၊ ဦးရွှေထူး၊ ဦးစိုးဝင်း၊ ဦးကြည်ဝင်း၊ ဦးတင်ထွန်း၊ ဦးသောင်းမြင့်၊ ဦးဘိုဟိန်း၊ ဒေါ်လှလှမြင့်၊ ဦးခင်မောင်၊ ဦးအယ်ကြီး၊ ဦးမြင့်အောင်နဲ့ ဒေါ်မြရီတို့ ပိုင်ဆိုင်တဲ့ မြေတွေဖြစ်ပါတယ်။
မကွေးစက်မှုဇုန်ကို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ညွှန်ကြားချက်နဲ့ လုပ်ဆောင်နေတာဖြစ်ပြီး မကွေးမြို့ကွန်ပျူတာတက္ကသိုလ်အနီး မကွေး-တောင်တွင်းကြီး ကားလမ်းဘေးက မြေဧက ၄၆၁ဒသမ ၁၄ဧကပေါ်မှာ ဖေါ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
စက်မှုဇုန်တည်ဆောက်ရေးအတွက် မြေသိမ်းဆည်းရာမှာ မူလပိုင်ရှင်တွေကို နစ်နာကြေးနဲ့ လျော်ကြေးတစုံတရာ ပေးအပ်ဖို့အတွက်တော့ စစ်ကောင်စီက သူ့ရဲ့ အမိန့်စာထဲမှာ ထည့်သွင်းဖော်ပြထားတာ မရှိပါဘူး။