“ရန်ကုန်မှာ ဓားထမ်းပြီး သွားရတော့မလား”

Author CJ Platform
Categories
Published on Aug 24, 2022

🖋မောင်ဒဂုံ

၂၀၀၀ပြည့်နှစ် ဝန်းကျင်ကာလတွေက နိုင်ငံပိုင်ရုပ်သံတွေမှာ လွှင့်တဲ့ တရုတ်သိုင်းကားတွေကို ကြည့်ဖူးကြမှာပေ့ါ။ ဇာတ်ကားထဲ သိုင်းသမား မှန်သမျှ လက်နက်ကိုယ်စီနဲ့ပေါ့။ လက်နက်မပါတဲ့ သိုင်းသမားတွေကလည်း သိုင်းပညာစွမ်းပကားက အံ့မခန်း ဖြစ်နေတာများတယ်လေ။ ဒီဇာတ်ကားတွေထဲ သနားဖို့အကောင်းဆုံးက စားသောက်ဆိုင်တွေက စားပွဲထိုးလေးတွေ၊ ဈေးထဲက ဈေးသည်တွေ ၊ လမ်းလျှောက်နေတဲ့ ပြည်သူတွေ စသဖြင်ပေါ့။

သူတို့ခင်မျာ ဘယ်သိုင်းသမားက လာပြီး သိုင်းစွမ်းပြပြ ကြားထဲက ခံနေရတော့တာပါပဲ။ ရန်ကုန်မြို့မှာ နောက်ပိုင်းဖြစ်နေတာတွေ ကြည့်ပြီး ရန်ကုန်သူ ရန်ကုန်သားတွေလည်း တရုတ်သိုင်းကားတွေ ထဲ ရောက်နေသလို ဖြစ်နေပြီလားပေါ့။ ညဘက်ညဘက်ဆိုလည်း နေပြည်တော်က အဘတစ်သိုက်ရဲ့ စစ်သားတွေက အိမ်တွေစီ လာလာဆွဲလိုက်၊ နေ့လည်နေ့ခင်းကျတော့လည်း မှတ်တိုင်တွေမှာ ပေါ်ပေါ်တင် တင်ကို ဓားမြတိုက်တာတွေ၊ လိုင်းကားတွေပေါ် ဓားမြတိုက်ခံရတာတွေ အစုံပါပဲ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီတုန်းကဆို ရန်ကုန်မြို့သမိုင်းတစ်လျှောက် တစ်ခါမှ မကြုံစဖူး YBS ပေါ် နေ့လည်ခင်းကြီး ဓားပြတိုက်တာ ဖြစ်ခဲ့တယ်လေ။ သာကေတနဲ့ ရွှေပြည်သာကို ပြေးဆွဲတဲ့ YBS ၄၂ ယာဉ်လိုင်းဆိုတာ ပုံမှန်ဆို လူစီးများတဲ့ ယာဉ်လိုင်းတစ်ခု။ ဒါပေမယ့် အဲ့ဒီနေ့ ဖေဖော်ဝါရီ ၂၇ရက်က တနင်္ဂနွေ့နေ့ နေ့လည်ခင်းဆိုတဲ့ ရုံးပိတ်ရက် ယာဉ်လိုင်းတိုင်းလိုလို လူစီး လျော့နေခဲ့တာပေါ့။

မြောက်ဥက္ကလာပမြို့နယ် သုနန္ဒာလမ်းမပေါ် ကန်သာယာပန်းခြံအနီးက အိန္ဒြာမှတ်တိုင်နားလည်းရောက်ရော ယာဉ်ပေါ်က လူသုံးယောက်က ဓားတွေထုတ်ပြီး YBS ၄၂ ယာဉ်မောင်းကို ဓားပြထ တိုက်တော့တာပဲ။ ခရီးသည်တွေကလည်း အလွန်ဆုံး ၁၀ယောက် ၁၂ယောက်လောက်ပဲ ရှိတဲ့ အချိန်ဆိုတော့ ခရီးသည်တွေရဲ့ ဖုန်းတွေရော ယာဉ်မောင်းရဲ့ ပိုက်ဆံတွေရော ဓားမြတွေစီ ပါသွားတော့တာပေါ့။

အဲ့ဒီနောက် မှတ်တိုင်ရောက်တော့ ဒီဓားမြ ၃ယောက်က ကားပေါ်ကနေ အေးအေးလူလူဆင်းပြီး ထွက်သွားပါတယ်တဲ့။ အဲ့ဒီဖြစ်စဉ်ဖြစ်တာ ရက် ၁၀၀လောက် ရှိနေပေမယ့် တရားခံ ဓားပြတွေကို ဖမ်းဆီးရမိတယ်ဆိုတာတော့ မကြားမိသေးပါဘူး။
ဒါကတော့ နေ့လည်ခင်းကြီး ဘတ်စ်ကားပေါ် ဓားပြတိုက်တာဆိုတော့ ထူးထူးခြားခြား သတင်းလို ဖြစ်နေပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း YBS တွေပေါ်မှာ လုံခြုံမှု မရှိခဲ့တော့တာ ကြာခဲ့ပါပြီ။ ခါးပိုက်နှိုက်တွေက တစ်ဖြည်းဖြည်း အတင့်ရဲ လာခဲ့ရာမှ အခုဆို ခါးပိုက်နှိုက်ခံရလို့ ထအော်ချင်ရင်တောင် ဘေးဘီက ကြည့်ရသေးတယ်။ ခါးပိုက်နှိုက်တွေက တရုတ်သိုင်းကားတွေထဲက အမှောင်ဂိုဏ်းသားတွေလိုပဲလေ။ သူ့က အုပ်စုလိုက် လာကြတာ။ နှိုက်တဲ့ ခါး ကို သိလို့ ပြဿနာ ထရှာရင် ဘေးက ခါးတွေက ဓါးတွေ ပြပြီး ကြိမ်းဝါးကြမယ်။ တစ်ချို့ကျ အထိုးအကြိတ်ခံရတာတွေလည်း ရှိတာပေါ့။

ဘတ်စ်ကားပေါ်ပါတဲ့ ခရီးသည်တွေ ခမျာလည်း သိုင်းကားတွေ၊ မြန်မာ အက်ရှင်ကားတွေထဲက အရပ်သားတွေလိုပါပဲ။ ဟိတ် မဆိုင်တဲ့သူ မကပ်နဲ့ကွဆို ကပ်ဖို့ နေနေသာသာ မျက်လုံးချင်းဆုံအောင်တောင် မကြည့်ရဲကျ ရှာတော့ဘူးလေ။ သတ္တိခဲ တစ်ချို့တစ်လေရဲ့ ဗီဒီယို ခိုးရိုက်ထားတာလေးတွေလည်း မမြင်မိပါဘူး။ ခါးပိုက်နှိုက်တွေက CCTV မပါတဲ့ ကားတွေများ ရွေးနှိက်သလားထင်ရပါတယ်။ CCTV မှတ်တမ်းတွေလည်း တစ်ခုမှ ထွက်မလာခဲ့ဘူး။

ဒါပေသိ ခါးပိုက်နှိုက်ခံရတဲ့ ဖြစ်စဉ်တွေကတော့ အမှန်တကယ် ဖြစ်နေခဲ့တာပါ။ တစ်ချက်ငေးမိသွားလို့ ဖုန်းအနှိက်ခံလိုက်ရတာတွေ၊ ဘေးမှာ လူရည်သန့်ပဲ ဆိုပြီး အမှတ်တမဲ့နေမိလို့ ပိုက်ဆံအိတ် အနှိုက်ခံလိုက်ရတာမျိုးတွေ အစုံကို ကြားနေရတာပါပဲ။ ဒီ ခါး တွေက ဘတ်စ်ကားတွေ ပေါ်မှာ မှ မဟုတ်ပါဘူး။
လူစည်ကားရာ နေရာတွေမှာလည်း ရှိနေကြတာပဲ။
မေလတုန်းက လှည်းတန်းလို နေရာမျိုးမှာ ဖုန်း နှိုက်ပြီး ပြေးတဲ့ ခါးပိုက်နှိုက်ကို အနီးက လူထုက ဝိုင်းဝန်းဖမ်းဆီးတဲ့ ဖြစ်စဉ်မျိုး ဖြစ်ခဲ့သေးတယ်။

ထွက်ပြေးတဲ့ ခါးကို တာဝန်သိပြည်သူတွေက ဝိုင်းပြီးတော့ ဖမ်းတော့ ဖမ်းတာပါပဲ။ နောက်ရက်ကျ ဒီ ကူဖမ်းပေးတဲ့ထဲက အနှေးယာဉ်လုပ်သားကြီးတစ်ဦးကို ခါး တွေက လူပြန်စုပြီး ဓားတွေ တုတ်တွေ ကိုင် ဝိုင်းရိုက်လို့ သေဆုံးရပါလေရော့လား။

တရုတ်သိုင်းကားထဲ အမှောင်ဂိုဏ်းသား တစ်ယောက်ကို ရပ်ကွက်က ဝိုင်းဖမ်း၊ အမှောင်ဂိုဏ်းသားတွေက ပြန်သိတော့ ဝိုင်းဖမ်းတဲ့သူထဲက မှတ်မိနေတဲ့ သူစီ ပြန်လာပြီး အနိုင်ကျင့်။ ဖြစ်စဉ်ကတော့ အဲ့ဒီလို ဖြစ်သွားခဲ့တာပါပဲ။ သေဆုံးသွားတဲ့ အနှေးယာဉ်လုပ်သားကြီးကတော့ သမီးလေးတစ်ယောက်နဲ့ မိန်းမဖြစ်သူ ကျန်ရစ်ခဲ့လေတယ်။ ကျန်ရစ်သူ မိသားစုဝင်တွေ အတွက်တော့ တဒေင်္ဂတော့ ဝိုင်ဝန်းပူပန်ပေးခဲ့ကြတာပဲ။ ကြာလာတော့လည်း……။

ဒါတင်ပဲလားဆို မဟုတ်သေးပါဘူး။ ရန်ကုန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက သူတို့ အာဏာသိမ်းပြီး အကြမ်းဖက်မှုတွေ ကျူးလွန်နေလို့ ဆန့်ကျင်ဆန္ဒပြတဲ့သူတွေကို ကားနဲ့ တိုက်ပြီးလည်း အကြမ်းဖက် ဖမ်းလိုက်တာပဲ။ တစ်ခါ အရပ်ဝတ်တွေနဲ့ လက်ဖက်ရည်ဆိုင်လို နေရာမျိုးမှာ စောင့်ပြီး ဖမ်းချင်တဲ့ သူကို ဖမ်းချင် ဖမ်းသွားတာမျိုးတွေ လုပ်နေတာပဲ။

တရုတ်သိုင်းကားတွေထဲကလိုဆို သူတိုက အကျင့်ပျက် မိန်းမစိုး တစ်ယောက် ဝန်ကြီးချုပ် ရာထူးရသွားလို သူ့တပ်သားတွေ ထင်တိုင်းကြဲနေတာမျိုးပေါ့။
ဒီလိုမျိုး သိုင်းကားတွေထဲမှာ ဖြစ်လာပြီဆိုရင် အဲ့ဒီတပ်သားတွေလို ဟန်ဆောင်ပြီး ငွေညှစ်တဲ့ သူတွေလည်း ပေါ်လာတတ်တယ်လေ။ ရန်ကုန်မှာလည်း ဒီလိုမျိုး ဖြစ်နေခဲ့တာပေ့ါ။ ဘတ်စ်ကားမှတ်တိုင်မှာ ရပ်နေတုန်း ကားတစ်စီး ထိုးရပ်ပြီး အရပ်ဝတ်တွေနဲ့ ဆင်းလာ၊ စစ်ဆေးစရာရှိလို လိုက်ခဲ့ပါဆိုပြီး ကားပေါ်ခေါ်တင်သွား၊ ကားပေါ်ရောက်မှာ ရှိတာ အကုန်ထုတ်ပေး၊ မပေးရင် သတ်မယ် ဆိုတဲ့ ဖြစ်စဉ်မျိုးတွေလည်း ဆက်တိုက် ဖြစ်လာနေတယ်လေ။

ပြီးခဲ့တဲ့ရက်ပိုင်းက သုဝဏ္ဏမြို့ဘတ်စ်ကားမှတ်တိုင် တစ်ခုမှာလည်း အဲ့ဒီလို ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့တယ်လို့ရပ်ကွက်နေပြည်သူတွေက ပြောကြတယ်။ ဖြစ်ခဲ့တဲ့ မှတ်တိုင်က သုဝဏ္ဏနယ်မြေရဲစခန်းနဲ့ မှတ်တိုင်တစ်ခုစာ အကွာအဝေးတောင် မရှိပါဘူး။ အဲ့ဒီမှတ်တိုင်မှာ အသက်နှစ်ဆယ်ကျော် လူငယ်တစ်ယောက် ဘတ်စ်ကားစောင့်နေခဲ့တယ်။

နေ့လည်ခင်းဆိုတော့ မှတ်တိုင်မှာ လူတစ်ယောက်စ နှစ်ယောက်စ တော့ ရှိတာပေါ့။ ဒါပေမယ့် ကားတစ်စီးပေါ်က အရပ်ဝတ်နဲ့ လူတွေ ဆင်းလာပြီး အဲ့ဒီလူငယ်ကို ရုတ်တရက် ခေါ်သွားတော့ အကုန်လုံးက မှင်သက်ပြီးပဲ ကြည့်နေခဲ့ကြတယ်တဲ့။

ဒီနောက်ပိုင်းတော့ လူငယ်လေးရဲ့ မိသားစုစီကို ပြန်ပေးဆွဲသွားတဲ့ အရပ်ဝတ်နဲ့ သူတွေက Wave Money ကနေ ရှစ်သိန်းလွှပေးဖိုတောင်းတယ်။ လွှပေးပြီးတော့ အဲ့ဒီလူငယ်လေးကို ထုရိုက်နှက်ပြီး လမ်းတစ်နေရာရာမှာ ထားသွားခဲ့တယ်တဲ့။

ဒီဖြစ်စဉ်လိုမျိုး ရဲလိုလို စစ်သားလိုလို ဟန်ဆောင်ပြီး လူရှင်းရှင်း မရှင်းရှင်း တွေ့တဲ့သူကို ကားပေါ်ဆွဲတင် ပြန်ပေးဆွဲ ငွေညှစ်တဲ့ ဖြစ်စဉ်တွေကလည်း ရန်ကုန်မှာ သုံးလေးခုမက ဖြစ်နေခဲ့ပြီးပါပြီ။ မတ်လတုန်းကလည်း တောင်ဒဂုံက လူငယ်တစ်ဦး အဲ့ဒီလို ဖြစ်စဉ်မျိုးနဲ့ ကြုံခဲ့ရတယ်လို့ ပြောပါတယ်။

ဒါတွေ အပြင် ဘတ်စ်ကားမှတ်တိုင်တွေမှာ လုယက်တဲ့ ဖြစ်စဉ်တွေလည်း ရန်ကုန်မှာ ဖြစ်နေပါတယ်။ မေလကုန်ပိုင်းမှာ အင်းစိန်မြို့နယ်က ဖော့ကန်ဈေး မှတ်တိုင် အကျော် အဆောင် ၂ မှတ်တိုင်မှာ အမျိုးသမီးတစ်ဦးကို လုယက်သူ သုံးဦးက ဝင်ရောက်လုယက်ခဲ့ပါတယ်။ လုယက်သူတွေထဲက တစ်ဦးကိုတော့ အနီးအနားက ပြည်သူတွေ ဝိုင်းဖမ်းလို့ မိခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာ လုယက်သူတွေဟာ အခြားတစ်နေရာက လာရောက်လုယက်တာမျိုး ဖြစ်နိုင်တယ်လို ရပ်ကွက်နေပြည်သူတွေက ပြောကြပါတယ်။

ဇွန် ၅ရက်တုန်းကလည်း ရွှေပြည်သာမြို့နယ်က ဘတ်စ်ကားမှတ်တိုင်တစ်ခုမှာ အမျိုးသမီးတစ်ဦး အက်ဆစ်နဲ့ ပက်ခံရတာမျိုးလည်း ဖြစ်ခဲ့ပါတယ်။
ဒါတွေတင်မကသေးပါဘူး။ ရန်ကုန်မြို့က တိုက်ခန်းတွေမှာ ဓားပြဝင်တိုက်တဲ့ ဖြစ်စဉ်တွေလည်း မကြာခဏဆိုသလို ဖြစ်လာနေပါတယ်။ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းက တိုက်ခန်းတစ်ခုမှာ သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးထဲ ရှိနေစဉ် ဝင်ရောက် ဓားမြတိုက် ပစ္စည်းတွေ လုယက်သွားတဲ့ ဖြစ်စဉ်၊ နောက်ပြီး တာမွေမြို့နယ် သြဘာလမ်းက တိုက်ခန်းတစ်ခုကို ဖောက်ထွင်းဝင်ရောက်ပြီး ရွှေငွေတွေ လုယက်သွားတဲ့ ဖြစ်စဉ်မျိုးတွေ ဆက်တိုက်ဖြစ်လာနေခဲ့တယ်လေ။

လူမှုကွန်ယက်ပေါ်မှာ ပြန့်နေခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုမှာဆိုရင် အမျိုးသမီးငယ်တစ်ဦးကို အသက် ၅၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးက ဈေးတစ်ခုမှာ တို့ဆေးနဲ့ ခေါ်သွားတာမျိုးကို မြင်တွေ့ခဲ့ရတယ်။ ဗီဒီယိုမှာပါတဲ့ စာသားကတော့ အင်းစိန်မြို့နယ်မှာ ဖြစ်ခဲ့တာလို့ရေးထားတာပဲ။

ရန်ကုန်မှာ ယာဉ်တိုက်မှုတွေ ဖြစ်ပြီးရင် တရားခံမပေါ်တာတွေလည်း ခဏခဏဖြစ်နေခဲ့တယ်။ အဲ့ဒီ ဖြစ်စဉ်တွေဆို အတိုက်ခံရလို့ သေဆုံးရသူတွေရဲ့ မိသားစုဝင်တွေမှာ အစားထိုးစရာမရှိ၊ ဘယ်တော့မှ သူတိုရဲ့ ချစ်ခင်ရသူတွေကို ပြန်မရနိုင်တော့ဘူးလေ။ ဒါပေမယ့် ဒါတွေက ဆက်ဖြစ်နေတုန်းပါပဲ။

တရားဥပဒေစိုးမိုးရေး ဆိုတာ ရန်ကုန်မှာ သေနတ်ပြောင်း၀ မှာတောင် ရှိမနေတော့ဘူး။ လက်နက်ကိုင်ထားတဲ့ စစ်ကောင်စီ တပ်သားတွေလည်း ဝပ်ကျင်းတွေ အခိုင်အမာဆောက်ပြီး ဝပ်နေရတာပဲ။ ရဲဆိုတာကလည်း လူကြီးလမ်းကြောင်းနဲ့ အရပ်သားတွေကို ဖမ်းမယ်ဆိုတော့မှ သေနတ်တွေကိုင်ပြီး ပေါ်ပေါ်လာတတ်တာမျိုးလေ။

ဆိုက်ကားဆရာတွေက သူတိုရဲ့ ခရီးသည်တွေကို လမ်းမှာ ဖုန်းမသုံးကြဖို့ မှာကြတယ်။ တစ်နေရာနဲ့ တစ်နေရာ သွားရင်လည်း ဖုန်းလေးတွေ ကိုယ်စီ သိမ်းထားကြတာ များနေကြပြီ။ ရန်ကုန်က ဘယ်နေရာမှာ မှ မလုံခြုံတော့ဘူး။

တရုတ်သိုင်းကားတွေထဲက မိန်းမစိုးဝန်ကြီးချုပ်ရဲ့ တပ်သားတွေလို မွှေနှောက်ရမ်းကားနေတဲ့ အကြမ်းဖက် လက်နက်ကိုင်တွေက တစ်မျိုး၊ တောကြောင် လက်ခမောင်းခတ်ရုံမကတော့ပဲ လက်ဝှေ့ပါ ဆင်းထိုးနေတဲ့ ရာဇဝတ်သားတွေက တစ်ဖုံနဲ့ ရန်ကုန်လူထုကတော့ နေ့စဉ်နှင့် အမျှ စိုးတစ်ထိပ်ထိပ်နဲ့ပေါ့။

ဒါပေမယ့်လည်း ပြည်သူတွေကတော့ စိတ်ကိုတင်းပြီး အံကြိတ်ခံနေတုန်းပဲ။ တစ်နေ့တော့ သိုင်းကားတွေထဲကလို အဖြူရောင် သိုင်းပညာရှင်တွေ ရောက်လာလိမ့်မယ် သူတိုကို ကယ်တင်သွားမယ်မျှော်လင့်ပြီးတော့ပေါ့။ ကြိုးတော့ ကြိုးစားနေကြတာပါပဲ။ လောလောဆယ်ကတော့ ဘယ်သိုင်းပညာရှင်မှ မပေါ်လာခင် ကိုယ့်ကိုကိုယ် ဂရုတစ်စိုက် စောင့်ရှောက်ကြရမှာပေါ့။ နောက်ဆို ရန်ကုန်က ပြည်သူတွေ သိုင်းကားတွေထဲကလိုမျိုး ကျောမှာ ဓါးတွေကိုယ်စီထိုး လျှောက်သွားနေကြရတာကို မမြင်ရဘူးလို့ မပြောနိုင်ဘူးလေ။ ခေတ်က ပျက်နေပြီဆိုတော့လည်း…..။