စစ်ကောင်စီရန်ကြောင့် ကျောင်းသား ငါးသောင်းကျော် ပညာသင်ကြားနေတဲ့ ကရင်နီထဲက စာသင်ကျောင်းတွေ ပိတ်ထားရ

Author CJ Platform
Categories
Published on Jul 20, 2025

ကရင်နီပြည်နယ်ထဲကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ နေ့စဉ်နီးပါး လုပ်ဆောင်နေတာကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရတယ်လို့ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က CJ Platform ကို ပြောပါတယ်။

 

ကရင်နီ ဒေသခံပြည်သူတွေနေထိုင်တဲ့ ရပ်ကွက်၊ ကျေးရွာတွေ၊ စာသင်ကျောင်း၊ စစ်ဘေးရှောင်စခန်းနဲ့ ဆေးရုံဆေးခန်းတွေကို စစ်ကောင်စီက နေ့စဉ်နီးပါး လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် ကလေးသူငယ်တွေအပါအဝင် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

 

“ဒီရက်ပိုင်းတွေအတွင်းမှာ အာဏာသိမ်းအကြမ်းဖက်စစ်တပ်က နေရာမရွေး အချိန်မရွေး လေကြောင်းတိုက်ခိုက်မှုတွေကို နေ့စဉ်နီးပါး ပြုလုပ်နေပါတယ်။ အပြစ်မဲ့ ပြည်သူတွေ (ကလေးငယ်) အတော်များများ ထိခိုက်သေကြေနေလေတော့ ပိုပြီး ထိခိုက်မှုတွေ ရှိလာမှာကို စိုးရိမ်တဲ့အတွက် ကျောင်းတွေကို ယာယီပိတ်ထားရခြင်း ဖြစ်ပါတယ်” လို့ ခူးပလုရယ်က ပြောပါတယ်။

 

ကရင်နီပြည်ထဲ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေထဲမှာရှိတဲ့ IEC ပညာရေးဌာနအောက်မှာ စာသင်ကျောင်းပေါင်း ၅၃၀ ရှိပြီး အားလုံးနီးပါးကို ပိတ်ထားရတယ်လို့လည်း ခူးပလုရယ်က ဆက်ပြောပါတယ်။

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူပေါင်း ၅၆,၆၀၀ ဝန်းကျင်ရှိပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူ အရေအတွက်ကိုတော့ စာရင်းချုပ်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

 

အခု ဇူလိုင် ဒုတိယပတ်အတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒီမော့ဆိုအနောက်ခြမ်း ကျေးရွာတွေနဲ့ ဖားဆောင်းမြို့နယ် မော်ချီးမြို့က ရပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုရှိခဲ့ပါသေးတယ်။

 

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ်မှာရှိတဲ့ မိုးဗြဲမြို့ကို စစ်ကောင်စီက အခု ဇူလိုင်လ ဆန်းပိုင်းမှာ သိမ်းယူနိုင်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်ထဲက ဒေသခံ နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။ ဒါ့အပြင် မိုးဗြဲ–လွိုင်ကော် ကားလမ်းကိုလည်း စစ်ကြောင်းထိုးမှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပြီး ဇူလိုင် ဒုတိယပတ်မှာ ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးသူငယ်နဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သားပြည်သူ ၁,၇၀၀ ကျော် သေဆုံးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က အခု ဇူလိုင် ၁၆ ရက်မှာ ထုတ်ပြန်ထားပါသေးတယ်။

 

ဓာတ်ပုံ – CJ

 

ပုံစာ – ကရင်နီပြည်နယ် ဒီမော့ဆိုအနောက်ခြမ်းနဲ့ မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့စဉ်။