ဒဂုံတက္ကသိုလ်သမဂ္ဂကျောင်းသူ မဝတ်ရည်အောင် အင်းစိန်ထောင်တွင်း ကျဆုံး

Author CJ Platform
Categories
Published on Jul 20, 2025

အင်းစိန်အကျဉ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မဝတ်ရည်အောင် မနေ့ ဇူလိုင် ၁၉ ရက် ည ၉ နာရီခွဲဝန်းကျင်မှာ အင်းစိန်ထောင်တွင်း ကျဆုံးခဲ့တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ တာဝန်ရှိသူထံက သိရပါတယ်။

 

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် မဝတ်ရည်အောင်ကို ၂၀၂၁ စက်တင်ဘာ ၁၄ ရက်က ရန်ကုန်မြို့မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပြီး ပုဒ်မ ၅၀၅(က) နဲ့ ကနဦး တရားစွဲဆိုထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သလို ၂၀၂၃ ဇွန် ၂၇ ရက်မှာလည်း ပုဒ်မ ၅၂(က)နဲ့ ထပ်မံတရားစွဲဆိုပြီး ထောင်ဒဏ် ၄ နှစ်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

 

“မနေ့ည ၉ နာရီခွဲကတည်းက မဝတ်ရည်အောင် ကျဆုံးခဲ့တာပါ။ သူတို့အိမ်ကနေ ဒီနေ့မနက်မှပဲ သိကြရတာ။ စစ်ကြောရေးကာလက နှိပ်စက်ခံရတဲ့ဒဏ်တွေရယ်၊ ထောင်တွင်းမှာ ဆေးဝါးကုသခွင့်မရတာတွေကြောင့်ရော၊ ထောင်ထဲမှာ ခဏခဏဖြစ်နေတဲ့ နှလုံးရပ်တာတွေ၊ တက်တာတွေက ခဏခဏဖြစ်ပြီး နှလုံးရောဂါနဲ့ပဲ မဝတ်ရည်က ကျဆုံးသွားတာပါ” လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

မဝတ်ရည်အောင် ဖမ်းဆီးခံရချိန် စစ်ကောင်စီရဲ့ ညှင်ပန်းနှိပ်စက်ခဲ့တဲ့ ဒဏ်ရာတွေအပြင် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိခဲ့တာ၊ ထောင်တွင်း ဆေးဝါးပြတ်လပ်တဲ့ အခြေအနေတွေကြောင့် အခုလို ကျဆုံးခဲ့တာဖြစ်တယ်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကလည်း CJ Platform ကို ပြောပါတယ်။

 

မဝတ်ရည်အောင်ကို စစ်ကောင်စီက ရန်ကုန်မြို့မှာ ဖမ်းဆီးခဲ့ပြီးနောက် ကနဦးထောင်ဒဏ် ၃ နှစ်ချမှတ်ပြီးချိန် ဒိုက်ဦးအကျဉ်းထောင် ပို့ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒိုက်ဦးအကျဉ်းထောင်အတွင်း ကျန်းမာရေးဆိုးရွားလာတာကြောင့် ၂၀၂၃ ခုနှစ်အတွင်းမှာ အင်းစိန်ထောင်ကို ပြန်လည်ပြောင်းရွှေ့ခဲ့ချိန် ထပ်မံတရားစွဲဆို ထောင်ဒဏ် ၄ နှစ်ထပ်မံချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

 

စစ်ကောင်စီ မတရားဖမ်းဆီးနှိပ်စက်မှုတွေကြောင့် အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက်မရရှိဘဲ သေဆုံးခဲ့သူ အခု ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်အတွင်း ၃၆ ဦးအထိရှိလာပြီလို့လည်း PPNM က ထုတ်ပြန်ထားတဲ့စာရင်းများအရ သိရပါတယ်။

 

 

Related News

Depend on news