ဘက်ထရီကိုယ်တိုင်လဲနိုင်တဲ့ ကမ္ဘာ့ပထမဆုံး လူပုံစံစက်ရုပ်ကို တရုတ် ထုတ်ပြ

Author CJ Platform
Categories
Published on Jul 19, 2025

တရုတ်နိုင်ငံရဲ့ UBTech Robotics ကုမ္ပဏီက သူ့ရဲ့ ဘက်ထရီကို သူကိုယ်တိုင် အလိုအလျောက် လဲလှယ်နိုင်တဲ့ ကမ္ဘာ့ပထမဆုံး လူပုံစံစက်ရုပ် Walker S2 ကို မိတ်ဆက်လိုက်ပါတယ်။

ဗီဒီယိုတစ်ခုမှာ ပြသခဲ့ရာမှာတော့ အဲဒီစက်ရုပ်က အားသွင်းစခန်းဆီ လမ်းလျှောက်သွားပြီး အားကုန်သွားတဲ့ ဘက်ထရီကို ဖြုတ်ထုတ်ကာ အားသွင်းဖို့ နေရာချထားခဲ့ပြီးနောက် ဘက်ထရီအသစ်တစ်ခုကို ပြန်လည်တပ်ဆင်ခဲ့ပါတယ်။

ဒီလိုလုပ်နိုင်တာကြောင့် လူတွေရဲ့ ကြီးကြပ်မှုအနည်းငယ်နဲ့ပဲ စက်ရုပ်က ဆက်တိုက်အလုပ်လုပ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီအောင်မြင်မှုက အစိုးရရဲ့ ခိုင်မာတဲ့ မူဝါဒတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေရဲ့ ပံ့ပိုးမှုနဲ့အတူ စက်ရုပ်နည်းပညာကဏ္ဍမှာ တရုတ်နိုင်ငံရဲ့ လျင်မြန်တဲ့ တိုးတက်မှုကို မီးမောင်းထိုးပြနေပါတယ်။

UBTech ကုမ္ပဏီ အခြေစိုက်တဲ့ ရှန်ကျန်းမြို့ဟာ စက်ရုပ်ကုမ္ပဏီပေါင်း ၁,၆၀၀ ကျော်ကို နေရာပေးထားပြီး ကမ္ဘာလုံးဆိုင်ရာ စက်ရုပ်နည်းပညာဗဟိုချက်တစ်ခု ဖြစ်လာဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။

UBTech ရဲ့ Walker S2 မှာ ဘက်ထရီနှစ်လုံးသုံးစနစ် ပါဝင်ပြီး သုံးမိနစ်အတွင်း ဘက်ထရီတွေကို လဲလှယ်နိုင်တာကြောင့် အလုပ်မပြတ်အောင် လုပ်ဆောင်နိုင်ပါတယ်။ ဒီစက်ရုပ်ကို တရုတ်နိုင်ငံရဲ့ လျှပ်စစ်ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေဖြစ်တဲ့ BYD၊ Nio နဲ့ Zeekr တို့ရဲ့ ထုတ်လုပ်ရေးလိုင်းတွေမှာ လက်ရှိအသုံးပြုနေပြီ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ စက်ရုပ်နည်းပညာကဏ္ဍဟာ လျင်မြန်စွာ ဆက်လက်တိုးတက်နေပြီး လူပုံစံစက်ရုပ်တွေကို အများအပြား ထုတ်လုပ်ဖို့ ရည်မှန်းထားတဲ့ Tesla လို အမေရိကန်က ဦးဆောင်ကုမ္ပဏီတွေနဲ့ ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်နေတယ်လို့ သိရတယ်။

 

Source – South China Morning Post