မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေက ထိုင်းကို ဆေးလာကုပြီး ပိုက်ဆံမပေးတာ ၂ ဒသမ ၃ ဘီလီယံအထိရှိနေပြီလို့ ဆို

Author CJ Platform
Categories
Published on Jul 18, 2025

ထိုင်းနိုင်ငံမှာ မြန်မာ၊ ကမ္ဘောဒီးယား၊ မလေးရှားနဲ့ လာအိုလို နိုင်ငံခြားသားတွေ ဆေးကုပြီး ကုသစားရိတ်မပေးတာဟာ ၂၀၂၃ ခုနှစ် တစ်နှစ်တည်းမှာပဲ ဘတ်ငွေ ၂ ဒသမ ၃ ဘီလီယံအထိရှိတယ်လို့ ထိုင်းဆရာဝန်တစ်ယောက်ရဲ့ ပြောကြားချက်ကို The Nation Thailand သတင်းဌာနမှာ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် သူက ဆက်လက်ပြီး ထိုင်းနဲ့ ကမ္ဘောဒီးယားနယ်စပ်တွေ ပိတ်ထားချိန်မှ ထိုင်းနိုင်ငံရဲ့ စီးပွားရေး ထိခိုက်မှု ရှိမရှိ မသေချာပေမယ့် ထိုင်းမှာ ဆေးလာကုတဲ့ ကမ္ဘောဒီးယားက လူနာတစ်ဝက်ခန့် လျော့သွားတယ်လို့ ပြောကြားခဲ့ပါသေးတယ်။

 

ထိုင်းဟာ ကြင်နာတတ်တဲ့နိုင်ငံဖြစ်တာမို့ မပေးနိုင်တဲ့သူတွေအတွက် အလကား ကုပေးလိုက်ရတဲ့အတွက် ထိုင်းပြည်သူတွေရဲ့ အခွန်တွေကို နိုင်ငံခြားသားတွေဆေးကုဖို့ သုံးပေးလိုက်ရတယ်လို့လည်း ဆိုပါတယ်။

 

ထိုင်းစီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးရေးကောင်စီရဲ့ အဆိုအရ ၂၀၂၃ ခုနှစ်တစ်နှစ်တည်းမှာပဲ အိမ်နီးချင်းနယ်စပ်ဒေသတွေကနေ ဆေးလာကုသူက ၈၇၀၀၀၀ ရှိခဲ့တယ်လို့ သိရပါတယ်။

 

ဆေးကုသစားရိတ်မရဘဲ ကုသပေးလိုက်ရတဲ့ ဘတ် ၂ ဘီလီယံကျော်ရဲ့ ၇၆ ဒသမ ၃ ရာခိုင်နှုန်းဖြစ်တဲ့ ၁ ဒသမ ၈ ဘီလီယံကျော်က ထိုင်း-မြန်မာနယ်စပ်ဒေသက လူနာတွေကို ကုသပေးခဲ့ရတဲ့အတွက် ကုန်ကျသွားခဲ့ရတာလို့ ဆိုပါတယ်။

 

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်အတွက်တော့ ဘတ်ငွေ ၂၂၇ မီလီယံအထိ ကုန်ကျခဲ့ရတယ်လို့ သိရပါတယ်။

 

အိမ်နီးချင်းနယ်စပ်နိုင်ငံတွေက နိုင်ငံခြားသားတွေဟာ ဆေးဖိုးမတတ်နိုင်တာနဲ့ ကျန်းမာရေးအာမခံတွေ မရှိတာကြောင့် ဆေးကုသစားရိတ်မပေးကြတဲ့အတွက် အဲဒီအတွက် ကုန်ကျစားရိတ်တွေက ပိုပြီး တိုးလာနေတယ်လို့လည်း ဆိုပါတယ်။

 

Source – The Nation Thailand

 

ပုံစာ – ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ဆေးရုံတစ်ခုကို မြင်ရပုံ