တရုတ်နည်းပညာ အသုံးပြုမှုကို အမေရိကန်ပိတ်ပင်မယ်

အမေရိကန်ပြည်ထောင်စုနဲ့ ချိတ်ဆက်ထားတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်ကြိုးတွေမှာ တရုတ်ရဲ့ နည်းပညာ ဒါမှမဟုတ် စက်ပစ္စည်းတွေ အသုံးပြုတာကို တားမြစ်ဖို့ အမေရိကန် ပြည်ထောင်စု ဆက်သွယ်ရေးကော်မရှင် (FCC) က အစီအစဉ်တွေကို ကြေညာခဲ့ပါတယ်။
ဒီလုပ်ဆောင်ချက်ဟာ အထူးသဖြင့် တရုတ်နိုင်ငံလို ပြည်ပရန်ဘက်နိုင်ငံတွေရဲ့ ဆိုက်ဘာနဲ့ ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုတွေကနေ အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကို ကာကွယ်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်အသွားအလာရဲ့ ၉၉ ရာခိုင်နှုန်းကို သယ်ဆောင်ပေးနေတဲ့ ပင်လယ်ရေအောက် ကေဘယ်ကြိုး ၄၀၀ ကျော် ကွန်ရက်မှာ တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှုနဲ့ ဆက်စပ်နေတဲ့ သူလျှိုလုပ်ငန်းအန္တရာယ်တွေအပေါ် စိုးရိမ်မှုတွေ တိုးပွားလာနေတယ်လို့ FCC က ထောက်ပြပြောဆိုခဲ့ပါတယ်။
ဘောလ်တစ်ပင်လယ်က ကေဘယ်ကြိုးတွေကို ဖျက်ဆီးတာနဲ့ အဓိကကေဘယ်ကြိုးတွေ ဖြတ်တောက်မှုအတွက် တရုတ်သင်္ဘောတွေကို ထိုင်ဝမ်က စွပ်စွဲတာလို အတိတ်က ဖြစ်ရပ်တွေက လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကို ပိုမိုမြင့်တက်စေခဲ့ပါတယ်။
FCC ဟာ ပင်လယ်ရေအောက်ကေဘယ်ကြိုး လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းဖို့အတွက် ထပ်ဆောင်းအစီအမံတွေနဲ့ ပတ်သက်ပြီး အများပြည်သူရဲ့ သဘောထားအကြံပြုချက်တွေကိုလည်း တောင်းခံနေပါတယ်။
ဒီလုပ်ဆောင်ချက်ဟာ ဟောင်ကောင်နဲ့ ဆက်စပ်နေတဲ့ ကေဘယ်ကြိုးစီမံကိန်းတွေနဲ့ Huawei, ZTE, China Telecom, China Mobile လို အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်အဖြစ် ရှုမြင်ခံထားရတဲ့ ကုမ္ပဏီတွေကို ပိတ်ပင်တားမြစ်ခဲ့တဲ့ အမေရိကန်ရဲ့ အရင် စည်းမျဉ်းဆိုင်ရာ အရေးယူဆောင်ရွက်မှုတွေရဲ့ နောက်ဆက်တွဲလည်း ဖြစ်ပါတယ်။
Source – Reuters
ဓာတ်ပုံ – Reuters