စစ်ရေးမဟာမိတ်ဖွဲ့မှု ပိုမိုနက်ရှိုင်းလာချိန် ရုရှားထိပ်တန်းသံတမန် မြောက်ကိုရီးယားသို့ သွားရောက်

ရုရှားနဲ့ မြောက်ကိုရီးယားတို့ရဲ့ စစ်ရေးမဟာမိတ်ဖွဲ့မှု ပိုမိုနက်ရှိုင်းလာနေတဲ့အချိန်မှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗ်ရော့ဗ်က မြောက်ကိုရီးယားနိုင်ငံကို ဇူလိုင်လ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ သွားရောက်ဖို့ရှိတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒီခရီးစဉ်ဟာ မြောက်ကိုရီးယားက ရုရှားရဲ့ ယူကရိန်းစစ်ပွဲမှာ ပိုမိုပါဝင်ပတ်သက်လာတာနဲ့အမျှ မော်စကို-ပြုံယမ်း ဆက်ဆံရေး အဆင့်သစ်တစ်ခုကို ရောက်ရှိလာကြောင်း ပြသနေပါတယ်။
ယူကရိန်းထောက်လှမ်းရေးရဲ့ အစီရင်ခံချက်တွေအရ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့နှစ်က စေလွှတ်ခဲ့တယ်လို့ သတင်းထွက်နေတဲ့ စစ်သား ၁၁,၀၀၀ အပြင် နောက်ထပ် စစ်သား ၂၅,၀၀၀ ကနေ ၃၀,၀၀၀ အထိ စေလွှတ်ဖို့ အစီအစဉ်ရှိနေချိန်မှာပဲ ဒီခရီးစဉ် ဖြစ်ပေါ်လာတာပါ။
ရုရှားနိုင်ငံအတွင်းမှာ မြောက်ကိုရီးယား စစ်သား ၄,၀၀၀ ခန့် သေဆုံး၊ ထိခိုက်ဒဏ်ရာရထားတယ်လို့ အနောက်နိုင်ငံအရာရှိတွေက ခန့်မှန်းထားပါတယ်။
လာဗ်ရော့ရဲ့ ခရီးစဉ်ဟာ ဒုတိယအကြိမ် မဟာဗျူဟာမြောက် ဆွေးနွေးပွဲတွေရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး စစ်ရေးနဲ့ ထောက်လှမ်းရေးဆိုင်ရာ ပူးပေါင်းညှိနှိုင်းမှုတွေအပါအဝင် အဆင့်မြင့်အပြန်အလှန်ခရီးစဉ်တွေရဲ့ နောက်ဆက်တွဲ ဖြစ်ပါတယ်။
သူဟာ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချွဲဆွန်ဟီးနဲ့ တွေ့ဆုံမှာဖြစ်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့လည်း တွေ့ဆုံနိုင်ဖွယ်ရှိပါတယ်။
နှစ်နိုင်ငံကြားမှာ ကြီးမားတဲ့ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်မှုတွေ ပြုလုပ်နေကြောင်း ဂြိုလ်တုဓာတ်ပုံတွေနဲ့ သယ်ယူပို့ဆောင်ရေးအချက်အလက်တွေက ဖော်ပြနေပါတယ်။
ကုလသမဂ္ဂအစီရင်ခံစာတစ်ခုရဲ့ အတည်ပြုချက်အရ မြောက်ကိုရီးယားဟာ ရုရှားကို ပဲ့ထိန်းဒုံးကျည် ၁၀၀ ကျော်နဲ့ အမြောက်ကျည် ၉ သန်းကျော် ထောက်ပံ့ပေးထားပြီးဖြစ်ပါတယ်။
စစ်မြေပြင်မှာ လက်နက်ခဲယမ်း ရှားပါးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မော်စကိုဟာ လက်နက်နဲ့ လူအင်အားအတွက် ပြုံယမ်းအပေါ် ပိုမိုမှီခိုလာနေပါတယ်။
တစ်ချိန်တည်းမှာပဲ အမေရိကန်ရဲ့ မကျေနပ်မှုတွေကလည်း ကြီးထွားလာနေပြီး သမ္မတထရမ့်က ယူကရိန်းကို ပိုထောက်ခံပေးမယ်လို့ ကတိပြုကာ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို ရုရှားက တမင်နှောင့်နှေး ကြန့်ကြာအောင် လုပ်နေတယ်လို့ စွပ်စွဲထားပါတယ်။
Source – CNN
ဓာတ်ပုံ – Getty Images