အီလွန်မတ်စ်က ပါတီသစ်ထူထောင်

အမေရိကန်သူဌေးကြီး အီလွန် မတ်စ်က “အမေရိက ပါတီ” လို့အမည်ပေးထားတဲ့ ပါတီသစ်ကို ထူထောင်တယ်လို့ ကြေညာလိုက်ပါတယ်။
အီလွန်က “ရွံရှာဖွယ်ကောင်းပြီး စက်ဆုပ်ဖွယ်ရာ” လို့ ပြောဆိုခဲ့တဲ့ သမ္မတ ဒေါ်နယ်လ် ထရန့် အသစ်လက်မှတ်ရေးထိုးလိုက်တဲ့ အခွန်လျှော့ချရေးနဲ့ အသုံးစရိတ်ဆိုင်ရာ ဥပဒေအပေါ် လူသိရှင်ကြား သဘောထားကွဲလွဲမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် “အမေရိက ပါတီ” လို့ခေါ်တဲ့ နိုင်ငံရေးပါတီသစ်တစ်ခုကို ထူထောင်ကြောင်း ဇူလိုင် ၆ ရက်နေ့က ကြေညာခဲ့ပါတယ်။
အရင်က ထရန့်ကို ထောက်ခံခဲ့ပြီး သူရဲ့ ၂၀၂၄ ခုနှစ် မဲဆွယ်ပွဲအတွက် အမေရိကန်ဒေါ်လာ သန်း ၂၅၀ ရင်းနှီးမြှုပ်နှံခဲ့သူ အီလွန်က ထရန့်ရဲ့ ခေါင်းဆောင်မှုအောက်မှာ အမေရိကန်နိုင်ငံက အကြွေး ၅ ထရီလီယံအထိ ထပ်တိုးနိုင်တယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် အစိုးရရဲ့ လုပ်ပိုင်ခွင့် တိုးချဲ့လာတဲ့အပေါ်လည်း ဝေဖန်ခဲ့ပါတယ်။
အီလွန်က လက်ရှိစနစ်ဟာ မဲဆန္ဒရှင်တွေအတွက် သူတို့ကိုယ်ပိုင် ရွေးချယ်ခွင့်ကို ပျောက်ဆုံးနေတာကြောင့် ပြည်သူတွေရဲ့ “လွတ်လပ်ခွင့်” ကို ပြန်လည်ပေးအပ်မယ်လို့ ကတိပြု ပြောကြားခဲ့ပါတယ်။
သူက ပါတီသစ်ကို အသုံးပြုပြီး ၂၀၂၆ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွေအပေါ် သြဇာလွှမ်းမိုးဖို့ စီစဉ်ထားပြီး ထရန့်ရဲ့ ဥပဒေကြမ်းကို ထောက်ခံခဲ့တဲ့ ဥပဒေပြုအမတ်တွေကို ပစ်မှတ်ထားဖွယ်ရှိပါတယ်။
ထရန့်ကတော့ အီလွန်ရဲ့ လုပ်ရပ်ကို အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်လို့ ပြောဆိုခဲ့ပြီး အမေရိကန်ရဲ့ နိုင်ငံရေးစနစ်မှာ သမိုင်းတလျှောက် တတိယပါတီတွေက ကျရှုံးသွားကြတာချည်းပဲလို့ သတိပေးပြောဆိုခဲ့ပါတယ်။
အီလွန်ရဲ့ အဆိုပါ ကြေညာချက်ကြောင့် အစိုးရရဲ့ ကန်ထရိုက်ပေါ်များစွာ မှီခိုနေရတဲ့ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် သက်ရောက်မှုနဲ့ ပတ်သတ်ပြီး မေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့ပါတယ်။
အခုအချိန်အထိတော့ အီလွန်အနေနဲ့ “အမေရိက ပါတီ” ကို တရားဝင် မှတ်ပုံတင်ပြီးကြောင်း အတည်ပြု ပြောကြားထားတာမျိုး မရှိသေးပါဘူး။
Source – CNN, Reuters, AP News
ဓာတ်ပုံ – CNN