လမ်းမလျှောက်တတ်သေးခင် ဒိုက်ဘာဝတ်နဲ့ စကိတ်ဘုတ်စီးပြတဲ့ ကလေးငယ်

တရုတ်နိုင်ငံ၊ စီချွမ်းပြည်နယ်၊ ချန်ဒူးမြို့က ‘ကျွမ်းကျွမ်း’ လို့ ချစ်စနိုးခေါ်ကြတဲ့ အသက် (၁၁) လအရွယ် ကလေးငယ်တစ်ဦးဟာ လမ်းမလျှောက်တတ်ခင်ကပင် စကိတ်ဘုတ်ကို ကျွမ်းကျင်စွာ စီးပြနိုင်နေပါပြီ။
သူ စကိတ်ဘုတ်စီးတဲ့ ဗီဒီယိုကို သူ့မိဘတွေက လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့် မျှဝေပေးတာကြောင့် အွန်လိုင်းအသုံးပြုသူတွေအကြားမှာ နာမည်ကြီးနေပါတယ်။
ကျွမ်းကျွမ်းရဲ့ ဖခင်ဖြစ်သူက တရုတ်နိုင်ငံရဲ့ နှင်းလျှောစီး အားကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ကျွမ်းကျွမ်းလေးကို သူက ဘုတ်ပြားစီးအားကစားနည်းတွေကို မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်။
သူဟာ အသက် (၆) လအရွယ်မှာပဲ နှင်းလျှောစီးဘုတ်ပေါ်မှာ ဟန်ချက်ထိန်းနိုင်ခဲ့ပြီး အသက် (၈) လအရွယ်မှာ စကိတ်ဘုတ်စီးခြင်းကို ပြောင်းလဲလေ့ကျင့်ခဲ့ပါတယ်။
အခု အသက် (၁၁) လအရွယ်မှာ သူဟာ အကာအကွယ်ဦးထုပ်နဲ့ ဒိုက်ဘာကို ဝတ်ဆင်ကာ မီတာရာနဲ့ချီပြီး စကိတ်ဘုတ်စီးနိုင်ပြီဖြစ်ကာ ဖခင်ဖြစ်သူက ဘေးကင်းရေးအတွက် အနားကနေ လိုက်ပါပြေးပေးနေတာကို တွေ့ရပါတယ်။
ယုံကြည်မှုအပြည့်နဲ့ ပျော်ရွှင်စွာ စကိတ်စီးနေတဲ့ ကလေးငယ်ရဲ့ ဗီဒီယိုတွေဟာ အင်တာနက်ပေါ်မှာ အလွန်ပျံ့နှံ့သွားခဲ့ပြီး သူရဲ့ အံ့မခန်းဟန်ချက်ထိန်းနိုင်မှု၊ ကောင်းမွန်တဲ့ ကိုယ်နေဟန်ထားနဲ့ ရဲရင့်တဲ့ စိတ်ထားတို့ကြောင့် ချီးကျူးမှုများစွာ ရရှိခဲ့ပါတယ်။
သူရဲ့ မိဘတွေကတော့ ကျွမ်းကျွမ်းလေးက အဲလို လှုပ်ရှားကစားရတာကို သဘောကျနှစ်သက်ပြီး အမြဲတက်ကြွလှုပ်ရှားပြီး ရယ်မောပျော်ရွှင်နေလေ့ရှိတယ်လို့ ဆိုပါတယ်။
အွန်လိုင်းပေါ်က အမျိုးသမီးတစ်ဦးကလည်း “၁၁ လအရွယ် ငါ့ကလေးက တစ်ချိန်လုံးအိပ်နေချိန် သူများကလေးက လူကြီးတွေထက်တောင် စကိတ်ကို ကျွမ်းကျင်အောင်စီးတတ်နေပြီ” လို့ မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။
အွန်လိုင်းပေါ်က လူအများစုကတော့ ကျွမ်းကျွမ်းလေးကို အနာဂတ်ရဲ့ စကိတ်ကြယ်ပွင့်လေးလို့ တင်စားခေါ်ဝေါ်နေကြပါတယ်။
Source – South China Morning Post
ဓာတ်ပုံ – South China Morning Post