အညာပညာရေး အဆုံးသတ်ရတော့မလား

စစ်ကိုင်းတိုင်း၊ ဒီပဲယင်း၊ အိုးထိမ်းကွင်းရွာ စာသင်ကျောင်းက ကျောင်းသူ၊ကျောင်းသား တွေရဲ့ သွေးစက်တွေနဲ့အတူ စာသင်ကျောင်းဟာ တစစီကျိုးပဲ့ပျက်စီးခဲ့ရပါတယ်။
ကျောင်းအပ်နှံရေးရက်သတ္တပတ် မရောက်ခင် တစ်ပတ်အလိုမှာပဲ ကြားကာလကျောင်းတွေကို ယာယီပိတ်ထားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ညွှန်ကြားချက်ဟာ လေလှိုင်းထဲကတဆင့် ကြေးနန်းတစ်စောင်လို့ ထွက်ပေါ်လာခဲ့ပါတယ်။
တဖက်မှာတော့ ဇွန်လရဲ့မိုးရေစက်တွေအောက် စိန်ပန်းပွင့်ဝေရဲရဲနီနေဆဲမှာပဲ စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းတွေရဲ့ ကျောင်အပ်နှံရေးရက်သတ္တပတ်နဲ့အတူ ကျောင်းဖွင့်ပွဲတွေကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နေကြပါတယ်။
“သူတို့တွေက(စစ်ကောင်စီကျောင်းတွေ) သာသာယာယာနဲ့ ကျောင်းတွေတက်၊ ပညာတွေရှာနေချိန် ကျွန်မတို့ကလေးတွေက ဒီလိုမျိုး စစ်ဘေးဒုက္ခတွေနဲ့ကြုံနေရတော့ အရမ်းဝမ်းနည်းမိတယ်။” လို့ ပခုက္ကူခရိုင် ကြားကာလပညာရေးကျောင်းဆရာမ က ပြောပါတယ်။
မြန်မာနိုင်ငံမှာ အညာလို့ လူသိများကြတဲ့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအထဲက တော်လှန်ရေးအားကောင်းရာ ထိန်းချုပ်စိုးမိုးထားရာ ဒေသတွေမှာ ကလေးငယ်တွေရဲ့ ပညာရေးဟာ ကြားကာလမြေပြင်ကျောင်းတွေနဲ့ အွန်လိုင်းကျောင်းအနည်းငယ်ကိုသာ အားကိုးထားရပါတယ်။
အဲဒီလိုကျောင်းတွေထဲကမှ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းပေါ်ကို စစ်ကောင်စီလေယာဉ်က တိုက်ပွဲဖြစ်ပွားချိန်မဟုတ်ဘဲ မေလ ၁၂ ရက်နေ့မှာဗုံးကြဲကျခဲ့ပါတယ်။ အဲဒီလိုဗုံးကြဲကျခဲ့ချိန်ဟာ ကျောင်းသူကျောင်းသားတွေ စာသင်ကြားနေချိန်လည်း ဖြစ်ပါတယ်။
ဗုံးဟာစာသင်ကျောင်းပေါ်ကို တည့်တည့်ထိမှန်ကျရောက်ခဲ့တဲ့အတွက် ကျောင်းသူ/ကျောင်းသား ၂၂ ဦးနဲ့ ဆရာမ ၂ ဦးသေဆုံးခဲ့ပြီး လူ ၅၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ လေကြောင်းတိုက်ခိုက်ခဲ့ရမှုမှာ ကျောင်းသူကျောင်းသားသေဆုံးခဲ့ရတဲ့ အမြင့်မားဆုံးတွေထဲက တစ်ခုဖြစ်ပြီး ထိတ်လန့်သွေးပျက်ဖွယ်ရာလည်း ဖြစ်ခဲ့ရပါတယ်။
အဲဒီလိုဖြစ်ပွားပြီး မေလ ၂၅ ရက်နေ့မှာပဲ NUG ရဲ့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မြေပြင်မှာဖွင့်လှစ်ထားတဲ့ အခြေခံပညာပြည်သူ့အခြေပြုကျောင်းတွေ၊ အဆင့်မြင့်ပညာကျောင်းတွေနဲ့ သက်မွေးပညာကျောင်းတွေအားလုံး ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံတွေ ဆောင်ရွက်နေစဉ်အတွင်း ခေတ္တယာယီပိတ်ထားဖို့ ညွှန်ကြားစာကို ထုတ်ပြန်ခဲ့တာပါ။
အခုလို ဗုံးကြဲတိုက်ခိုက်မှုတွေဟာ ဒီတစ်ကြိမ်ထဲမဟုတ်သလို စစ်ကောင်စီအတွက် ထမင်းစားရေသောက်လို ဖြစ်နေတယ်လို့ ဆိုရမလိုပါပဲ။
မေလ ၉ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ တစ်ပတ်အတွင်း စစ်ကိုင်းမန္တလေးအပါအဝင် ဒေသ ၁၄ ခုမှာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ၆၁ ခုရှိခဲ့ပြီး ၉၄ ဦးသေဆုံးကာ အဲဒီအထဲမှာ ကလေးသူငယ် ၃၁ ဦးထိ ပါဝင်တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေဟာ ၂၀၂၃ ဇန်နဝါရီကနေ ၂၀၂၅ ခုနှစ်မေလ ၁၂ ရက်အထိ အကြိမ်ရည် ၂၆၀၀ ကျော်ရှိခဲ့ပြီး ကလေးငယ် ၄၄၁ ဦးအပါဝင် အရပ်သားသေဆုံးမှု ၃၀၀၀ ကျော်သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ က မေလ တတိယပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်ခံရမှုမှာ စာသင်ကျောင်းတွေနဲ့ ကျောင်းသူ၊ကျောင်းသား ကလေးငယ်တွေ ပါဝင်ပါတယ်။
“အခုနောက်ပိုင်း စစ်ကြောင်းသိပ်မထိုးတော့ဘူး။ လေကြောင်းတိုက်ခိုက်မှုတွေပဲ ရှိလာတော့ တချို့အိမ်တွေက ဗုံးခိုကျင်းတွေတူးထားကြတယ်။ လေယဥ်သတင်းတော့ နားစွင့်နေကြတာပေါ့လေ။ အိမ်တော်တော်များများကတော့ မတူးကြရသေးတာများတယ်။ အဲ့ဒီတော့ အထိအခိုက်တွေက ရှိနေတာပေါ့လေ။” လို့ ပုလဲမြို့နယ်ထဲက ကျောင်းသားမိခင်တစ်ဦးက ပြောပါတယ်။
ဒီလိုတိုက်ခိုက်ခံရမှုတွေကနေ ကာကွယ်နိုင်ဖို့ ဒေသကာကွယ်ရေးအဖွဲ့တွေက တတ်နိုင်တဲ့ဘက်က လုပ်ဆောင်ပေးထားပေမဲ့ မြေပြင်မှာ စစ်ကြောင်းထိုးမရတဲ့အတွက် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူကိုသာ အဓိကထား တိုက်ခိုက်လာခဲ့တာဖြစ်ပြီး ဒီလိုပစ်မှတ်တွေထဲမှာ ကြားကာလကျောင်းတွေနဲ့ ဆရာ၊ဆရာမ၊ ကျောင်းသူ၊ကျောင်းသားတွေပါ ပါဝင်လာရတယ်လို့ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ TKပကဖပြန်ကြားရေး ရဲဘော်ကိုဘသိုက် ကပြောပါတယ်။
“လေကြောင်းသတင်းအချက်အလက်ရဖို့ စကားပြောစက် ချိတ်ပေးထားတယ်။ ဗုံးခိုကျင်းတချို့ကို တူးပေးတာ၊ မြေပြင်မှာလည်း စစ်ကြောင်းတွေလာရင် ဘယ်ကိုသွားတယ် ဘယ်မှာရောက်နေတယ် ဆိုပြီး ကျောင်းကိုအမြန်ပိတ်ပြီး ရှောင်ခိုင်းတာတွေ လုပ်ဆောင်ပေးပါတယ်။” လို့ သူက ဆက်ပြောပါတယ်။
လုံခြုံဘေးကင်းစေဖို့ အစီမံတွေဟာ ကြားကာလကျောင်းတိုင်းကို လုပ်ဆောင်ပေးနိုင်တာတော့ မဟုတ်ပါဘူး။ စာသင်ကျောင်းအများစုဟာ ယခင်ခေတ်အဆက်ဆက်က ကျောင်းတွေကိုပဲ ပြန်လည်အသုံးပြုတာများတဲ့အတွက် ကျေးရွာတွေနဲ့ ကျောင်းတွေမှာ ကောင်းကင်မြေပုံကနေ ကြည့်မယ်ဆိုရင် တိကျထင်ရှားမြင်သာတဲ့ အမှတ်အသားတွေရှိနေတယ်လို့ မကွေးတိုင်းထဲက တော်လှန်ရေးတပ်ဖွဲ့တဦးကလည်း ပြောပြပါတယ်။
“ကျောင်းတွေက ပညာရေးအဆောက်အဦးမှန်းသိသာအောင် ဆောက်လုပ်တာမျိုးတွေရှိပါတယ်။ ဒီလိုကျောင်းတွေကြတော့ ကောင်းကင်ကြည့်ရင်ထင်ရှားတယ်။ နောက်တစ်ခုကကျတော့ စစ်ကောင်စီက ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေက စာသင်ကျောင်းတွေမှာ တပ်စွဲတယ်၊ လူစုဟောပြောတယ်လို့ ထင်လို့ ဗုံးကြဲချတာမျိုးတွေလည်း လုပ်တတ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရဟာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် ဇူလိုင်လအထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြားကာလ ပြည်သူ့အခြေပြုအခြေခံပညာကျောင်းပေါင်း ၅၉၉၄ ကျောင်းဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အဲဒီကျောင်းတွေမှာတော့ တက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းသူ၊ကျောင်းသား ပေါင်းဟာ ၇၅၆၂၈၈ ဦး ရှိပါတယ်။
ဒီအရေအတွက်ဟာ နေအိမ်အခြေပြု၊ အွန်လိုင်း၊ မြေပြင် နဲ့ တိုင်းရင်းသားကျောင်းတွေလည်း ပါဝင်တယ်လို့ NUG ပညာရေးဝန်ကြီးဌာန က ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဒီအထဲကမှ မြေပြင်ကျောင်းတွေကို ပိတ်ခိုင်းခဲ့တာဖြစ်ပြီး ပိတ်လိုက်ရတဲ့ ကျောင်းပေါင်း ဘယ်လောက်ရှိတယ် ဆိုတာကိုတော့ တရားဝင်ထုတ်ပြန်လာတာမရှိဘဲ အွန်လိုင်းကျောင်းတွေကတော့ ဆက်ဖွင့်ထားတယ်လို့ ကြားကာလ အွန်လိုင်းပညာရေးတာဝန်ရှိသူ ဆရာတဦးကပြောပါတယ်။
ကြားကာလကျောင်းတွေရဲ့ ပညာသင်နှစ်တွေဟာ အားလုံးသိထားကြသလို မြန်မာနိုင်ငံရဲ့ ကျောင်းတက်ချိန် မိုးရာသီကာလ(ဇွန်) ကို အမှန်ယူထားလို့မရသလို တပြိုင်တည်းကျောင်းတွေ အားလုံးဖွင့်ရတာမျိုးလည်း မဟုတ်ပါဘူး။ မြေပြင်အခြေအနေအလိုက် လုံခြုံရေးနဲ့ စစ်ရှောင်တိမ်းရမှု၊ ကိုလိုက်ပြီး စာသင်ချိန်တွေကွဲပြားစွာ ရှိနေကြပါတယ်။
“ကလေးအသက်အန္တာရယ်ကြောင့် ကျောင်းတွေအကုန်ပိတ်ထားတယ်။ ကျောင်းဖွင့်ထားတာက ၅ လလောက်ရှိပြီ ပညာသင်ချိန်က ၃ လလောက်ပဲရလိုက်တယ်။ လေကြောင်းရန်ကြောက်ရတာနဲ့ ခဏခဏပိတ်လိုက်ဖွင့်လိုက်နဲ့ ကလေးတွေလည်း အရှိန်ပျက်တယ် ကျွန်မတို့ဘက်မှာ အရမ်းကြီးတော့လည်း အဆင်မပြေဘူးပေ့ါ။” လို့ ပခုက္ကူခရိုင်ထဲက ကြားကာလ မြေပြင်ကျောင်းဆရာမက ပြောပါတယ်။
ကြားကာလစာသင်ကျောင်းတွေ ပိတ်ထားတဲ့အတွက် အသက်အရွယ်ကြီးရင့်တဲ့ ကျောင်းသူကျောင်းသားတွေက တောင်ယာအလုပ်ကို ကူလုပ်သူ လုပ်နေကြပါတယ်။
ကလေးငယ်တွေကတော့ ဆော့လိုက်စားလိုက်အိပ်လိုက်နဲ့ ဖြစ်နေကြတဲ့အတွက် ကြာလာတာနဲ့အမျှ ကျောင်းနဲ့ဝေးသွားပြီး စာသင်ဖို့စိတ်မဝင်စားတော့မှာ စိုးရိမ်ကြတယ်လို့ ကျောင်းသားမိဘတွေက ပြောကြပါတယ်။
“ချမ်းသာတဲ့သူ တစ်ယောက်နှစ်ယောက်ကတော့ မြို့ကကိုယ်ပိုင်ကျောင်းတွေမှာ သွားထားနိုင်ပေမဲ့ အကုန်နီးပါးကတော့ မတတ်နိုင်ကြတော့ ပညာရေး အဆုံးသတ်သွားနိုင်တာပေါ့။” လို့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က ကျောင်းသားမိခင်တစ်ဦးက ပြောပါတယ်။
တော်လှန်ရေးအားကောင်းရာဒေသမှာ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ခံထားရပြီး ဖုန်းလိုင်းမိဖို့ကလည်း အတော်ခက်ခဲပါတယ်။ တချို့နေရာတွေမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် မဖြစ်မနေ Star Link လိုမျိုး အသုံးပြုဖို့ချထားပေးတာမျိုး ရှိကြပါတယ်။ ဒါကလည်း အဲဒီနေရာကို သွားရောက်အသုံးပြုရတာဖြစ်တဲ့အတွက် လူစုလူဝေးပုံစံမျိုး ဖြစ်စေပြန်ပါတယ်။
မီးရရှိနိုင်မှုနည်းပါးတာ၊ အင်တာနက်မရရှိတာနဲ့ ငွေကြေးအခက်ခဲတွေကြောင့် စစ်ရှောင်အများစုဟာ ကလေးတွေ ဖုန်းနဲ့ စာသင်ကြားခိုင်းဖို့ အတော်အခက်ခဲဖြစ်စေတယ်လို့ မြေပြင်သင်ကြားရေး ဆရာမတွေက ဆိုပါတယ်။
“အင်တာနက်နဲ့ အဆင်မပြေဘူးလို့ ထင်တယ်။ စတားလင့်ဆိုလည်း ဒီနေရာမှာပဲ စုရမှာပဲ ဖုန်းထဲကဆိုတော့ အာရုံစိုက်မှုနည်းတယ်။ မီးရနိုင်မှုကလည်း မရှိဘူး၊ မီးကဘယ်လောက်မှမလာဘူး ခဏခဏ ပျက်တယ်” လို့ ဆရာမတဦးက ပြောပါတယ်။
အညာမှာတော့ အွန်လိုင်းကျောင်းနည်းပြီး ရွာတစ်ရွာမှာ မြေပြင်ကျောင်းတစ်ကျောင်းတော့ရှိ နေတယ်လို့ ဆိုပါတယ်။ ရွာအကြီးအသေးပေါ်မူတည်ပြီး ကျောင်းသားအနည်းအများပဲ ကွာတယ်လို့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ကြားကာလမြေပြင်ကျောင်းတာဝန်ရှိသူဆရာမတဦး က ပြောပါတယ်။
“ကျွန်မလက်လှမ်းမှီသလောက်တော့ ရွာတိုင်းမှာ စာသင်ကျောင်းတစ်ကျောင်းစီတော့ ရှိကြပါတယ်။ အွန်လိုင်းကျောင်းကတော့ ဒီဘက်မှာ မရှိပါဘူး။ ပြောခဲ့သလိုပဲ အင်တာနက်ရဖို့အခက်အခဲတွေရော တခြားသော အခက်အခဲတွေရောကြောင့်ပါ” လို့ သူ ကဆက်ပြောပါတယ်။
ကြုံတွေ့နေရတဲ့ အခြေအနေတွေပေါ်မှာ မူတည်ပြီး တခြားနည်းလမ်းတွေကြံဆနိုင်ဖို့နဲ့ လက်တွေ့ကျလုပ်နိုင်ဖို့ အရေးကြီးပြီး ဒီနည်းလမ်းတွေကို ထုတ်ဖော်ပြောဆိုတဲ့အခါမှာလည်း စစ်အုပ်စုက လူစိတ်ကင်းမဲ့ကာ ဒီနည်းလမ်းတွေကို ချေဖျက်တာ၊ နှောင့်ယှက်တာတွေ လုပ်ဖို့ သေချာပေါက် ကြံဆလာမှာမို့ ထုတ်ဖော်ပြောဖို့စောသေးတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး မနှင်းနှင်းမွှေးက ပြောပါတယ်။
“အဓိကကတော့ အဲဒီနည်းလမ်းတွေကို အကောင်အထည်ဖော်ရာမှာ လုံခြုံရေးကိစ္စကိုပါ မဖြစ်မနေ ထည့်သွင်း တွက်ချက်ကြဖို့ပါပဲ။ အခု ကျွန်မတို့ သွားမယ့် ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်ကလည်း သင်ကြားရေးနည်းစနစ်တွေကို ပုံသေကားကျ လုပ်ရမှာမျိုး မဟုတ်ဘဲ ဒေသအခြေအနေနဲ့ လိုက်လျောညီထွေဖြစ်ဖို့၊ စဉ်းစားတွေးခေါ်မှုတွေ ရှင်သန်ဖွံ့ဖြိုးမှုကို အလေးထားဖို့ ဆိုတာတွေပါ ပါဝင်တဲ့အတွက် ကိုယ့်ဒေသ၊ ကိုယ့်အခြေအနေနဲ့ လိုက်လျောညီထွေ ရှိမယ့်ပုံစံမျိုးကို တီထွင်ကြံဆနိုင်ကြဖို့ လိုအပ်တယ်လို့ ယူဆပါတယ်” လို့ သူက ဆက်ပြောပါတယ်။
လက်ရှိမှာတော့ မြေပြင်ကြားကာလပညာရေးကျောင်းတွေက မိဘတွေဟာ သူတို့ရဲ့ ကလေးငယ်တွေ ပညာရေးပြန်လည်စတင်ဖို့ စိတ်စောနေကြပါတယ်။ တဖက်မှာလည်း အသက်အန္တရာယ်စိုးရိမ်စရာတွေ အတွက် လုံခြုံရေးအစီအမံတွေကို တာဝန်ရှိသူလူကြီးတွေကို တိတိကျကျလုပ်ဆောင်ပြင်ဆင်ဖို့ လိုလားနေကြတာပါ။
အလားတူပဲ ကျောင်းဆရာ၊ဆရာမတွေအနေနဲ့လည်း တာဝန်ရှိသူတွေအနေနဲ့ ကလေးတွေလုံခြုံရေး သေချာတစိုက်မတ်မတ်လုပ်စေချင်ပြီး ဘတ်ဂျက်ငွေချပေး၊ အစီစဉ်ပြောပြရုံလောက်မဟုတ်ဘဲ မြေပြင်အထိ ကြပ်ကြပ်မတ်မတ်စိစစ်စေချင်ပြီး မြေပြင်ကလူတွေကလည်း ထိထိရောက်ရောက် စနစ်တကျလုပ်စေချင်တယ်လို့ ဆိုကြပါတယ်။
“ကျွန်မလက်လှမ်းမှီသလောက်ဆို တစ်ချို့ရွာတွေ၊ စီစဥ်မှု၊ ကြပ်မတ်မှုအားကောင်းတဲ့နေရာတွေမှာ မြေအောက်ကျောင်းတွေတည်ဆောက်နေပြီဖြစ်သလို၊ တစ်ချို့နေရာတွေကျတော့လည်း သေချာစီစဥ်မယ့်သူမရှိ ဖြစ်ကတတ်ဆန်းနဲ့အခုထိ ဘာကိုမှ သေချာမလုပ်ရသေးတာတွေလည်း အများကြီးပါပဲ။” လို့ ပုလဲမြို့နယ်ထဲက ဆရာမတစ်ဦးက ပြောပါတယ်။
ဒါပေမဲ့လည်း ဆရာ၊ဆရာမတွေအနေနဲ့ ကလေးငယ်တွေပညာရေးရပ်တန့်မနေဖို့ ရတဲ့နည်းလမ်းမျိုးစုံ ကို ရှာဖွေကြံဆပြီး ရှေ့ဆက်မယ်လို့လည်း ပြောကြပြီး ကူညီနိုင်မဲ့အဖွဲ့အစည်းတွေရှိနေရင်လည်း မျှော်လင့်တယ်လို့ ဆိုပါတယ်။
ကျောင်းတွေပြန်ဖွင့်လှစ်ဖို့ မသေချာသေးတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး “ကျွန်မတို့လို ပင်ပင်ပန်းပန်းမလုပ်စေချင်လို့ တောင်သူအလုပ်မှာ ကိုယ်ပဲအပင်ပန်းခံလုပ်ပြီး ကျောင်းထားပေးတာပေါ့။ ဒါပေမဲ့လည်းနိုင်ငံရေးက ကြာနေတော့ ကလေးတွေအတွက် ဘာဆက်လုပ်ပေးရမှန်းတောင် မသိတော့ပါဘူး။” လို့ ကျောင်းသားမိခင်တစ်ဦးက ပြောပါတယ်။
သူမမှာတော့ ကြားကာလပညာရေးကျောင်းမှာ တက်ရောက် ပညာသင်ကြားနေကြတဲ့ Grade-12 တဦး၊ Grade-10 တဦး၊ KG တဦးနဲ့ ကျောင်းဖွင့်ချိန်မှာ စတက်ရမဲ့ KG တစ်ဦးဆိုပြီး စုစုပေါင်း သားသမီးကျောင်းသူ၊ကျောင်းသား ၄ ဦးရှိပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြားကာလကျောင်းမှာကလေးတွေကို ပညာသင်ကြားခိုင်းထားတာ ဟာလည်း ၃ နှစ်ရှိခဲ့ပြီ ဖြစ်ပါတယ်။