တောင်သူတွေ အရှုံးပေါ်လို့ မိုးစပါး မစိုက်နိုင်ဖြစ်နေ

စပါးစျေးဆက်တိုက် ကျဆင်းနေပြီး ရာသီဆက် အရှုံးပေါ်ခဲ့တာကြောင့် ဒီကနှစ် စပါးစိုက်ရာသီချိန်မှာ ဧရာဝတီတိုင်းအတွင်က လယ်သမားတွေ စိုက်ဧကလျော့ချ စိုက်ပျိုးကြသလို တချို့ဟာ ဒီကနေ့ အချိန်ထိ စိုက်ပျိုးနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
လက်ရှိ စပါးဈေးကွက်မှာ ပျှမ်းမျှ နွေစပါးတင်းတစ်ရာကို ၁၁ သိန်းကျပ်၊ မိုးစပါးတင်းတစ်ရာကို ၁၅ သိန်းကျပ် ဝန်းကျင်ရှိနေပြီး သွင်းအားစုစရိတ်နဲ့ အထွက်နှုန်း မကိုက်ညီတာကြောင့် မိုးစပါး ပြန်မစိုက်တော့ကြဘူးဆိုတဲ့ တောင်သူတွေပါ ရှိလာနေပါတယ်။
“မြေနိမ့်ပိုင်းတွေဆို မစိုက်ကြတာများတယ်။ မနှစ်က ရေမြုပ်ထားလို့ ရှုံးကြတာလဲပါတယ်။ အချခံသမားတွေဆို မကိုက်ဘူး။ မနှစ်ကလည်း ရှုံးတော့ ဒီနှစ် မစိုက်ကြတော့ဘူး” လို့ ညောင်တုန်းမြို့နယ်က လယ်သူမကြီးတစ်ဦးက CJ Platform ကို ပြောပါတယ်။
လယ်သမားအများစုဟာ ပျိုးထောင်စိုက်ပျိုးတာထက် ပျိုးကြဲစိုက်ပျိုးတာကိုပဲ လုပ်ဆောင်နေကြပြီး စိုက်ဧကပြည့် စိုက်ပျိုးတဲ့ တောင်သူတွေ နည်းပါးနေပါတယ်။
ဒါ့အပြင် အလုပ်သမားရှားပါးမှုပါ ကြုံတွေ့နေရပြီး လူငယ်တွေအများစုဟာ စစ်မှုထမ်းဥပဒေအရ တိမ်းရှောင်နေရသလို အမျိုးသမီးငယ်တွေကလဲ လုပ်အားခရရှိမှု နည်းပါးတဲ့ လယ်လုပ်ငန်းကို ကျောခိုင်းပြီး စက်ရုံ အလုပ်ရုံတွေမှာ သွားရောက် လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။
“ကိုယ့်လယ်ရှိလို့ပဲ စိုက်နေရတာ။ အစာဖိုး၊ ဆေးဖိုး၊ ထွန်ခတွေနဲ့ ထွက်လာလို့ စပါးဈေး မတက်ရင် မကိုက်ဘူး” လို့ ဓနုဖြူမြို့နယ်က လယ်သမားတစ်ဦးက ပြောပါတယ်။
မိုးစပါးစိုက်ပျိုးဖို့အတွက် တစ်ဧကကို အနည်းဆုံး ၉ သိန်းဝန်းကျင် ကုန်ကျတာကြောင့် စိုက်ဘဏ်က ထုတ်ပေးတဲ့ စိုက်ပျိုးစရိတ်ချေးငွေဟာ ဘယ်လိုမှ လောက်ငှမှုမရှိတော့ဘဲ စိုက်ပျိုးသူနည်းပါးလာတာပါ။ ပြင်ပကနေ အတိုးနှုန်းမြင့်မြင့်နဲ့ ရယူကာ စိုက်ပျိုးပါကလည်း ရရှိလာတဲ့ စပါးစျေးနဲ့ ကိုက်ညီမှုမရှိတာကြောင့် စိုက်ပျိုးလိုသူ တောင်သူနည်းပါးသွားရတဲ့ အကြောင်းဖြစ်တယ်လို့လည်း သိရပါတယ်။
“စပါးကအကုန်ရှုံးကြတာ။ လယ်သမား၊ လှောင်တဲ့သူ၊ စက်သမားတွေ အကုန်ရှုံးတာ။ အခုစပါးဈေးနဲ့ဆိုရင်တော့ မလွယ်ဘူး။ ထပ်ရှုံးကြမှာပဲ” လို့ စပါးရောင်းဝယ်သူတစ်ဦးက ဆိုပါတယ်။
၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီမှာ ရေကြီးတာ၊ ပိုးကျတာတွေကြောင့် အထွက်နှုန်းကျဆင်းခဲ့သလို၊ မိုးစပါးရိတ်သိမ်းချိန်မှာ ဈေးနှုန်း ၁၇ သိန်းဝန်းကျင်သာ ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ ဝယ်သူနည်းလာခြင်းကြောင့် စပါးဈေးဆက်လက်ကျဆင်းသွားခဲ့ပြီး စပါးဟောင်းတွေ များစွာ ကျန်ရှိနေသေးတဲ့ အဖြစ်ကိုပါ တောင်သူတွေ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။