ပေါက်ခေါင်းနဲ့ပေါင်းတည်က ဒေသခံတစ်သောင်းကျော် မိုးရေထဲထွက်ပြေးနေရ

ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်နဲ့ ပေါင်းတည်မြို့နယ်တွေမှာ စစ်ကောင်စီက စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ၂၁ ရွာရှိ ဒေသခံ တစ်သောင်းနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် အခက်အခဲများစွာ ကြုံတွေ့ရပြီဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီက စစ်ကြောင်း သုံးခုထိုးနေတာဖြစ်ပြီး တိမ်းရှောင်နေကြတဲ့ ဒေသခံတွေဟာ မိုးရေထဲမှာ ဒုက္ခမျိုးစုံ ရောက်နေကြရတယ်လို့ စုံစမ်းသိရှိရပါတယ်။
“အေးလေ ပြေးရပြန်ပြီနော်။ မနက်တုန်းက ကား ၅ စီး ဆင်းတယ်။ ညနေတော့ ပေါက်ခေါင်းကနေ ၄ စီး ဆင်းလာတယ်။ ၂ စီးက အိုင်ဇောက်ကို ပစ်ပြီးဝင်တယ်။ နောက် ၂ စီးက ဘုရားမြိုင်ဘက် တက်လာတယ်။ အဲဒီက ၄ ရွာလုံး ပြေးကြရပြန်တယ်” လို့ တိမ်းရှောင်နေသူ အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။
စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးရာ တစ်လျှောက် ကျေးရွာတွေကို မီးရှို့နေကြတာဖြစ်ပြီး တိမ်းရှောင်နေကြတဲ့ ကျေးရွာတွေထဲ ကျို့ပင်ကျေးရွာသာ ကျန်တော့တယ်လို့ သိရပါတယ်။
ဒေသခံတွေအနေနဲ့ စစ်ရှောင်ရင်း အခြေခံစားသောက်ကုန်တချို့ သယ်ဆောင်သွားကြပေမဲ့ ရက်ကြာလာတာနဲ့အမျှ ဆန်ကအစ ပြတ်လပ်လာတဲ့အပြင် မိုးရွာတာကြောင့် မိုးကာတဲတွေ လည်း လိုအပ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
“တုတ်ကွေးနဲ့ပတ်သက်တဲ့ ဆေးတွေရယ်၊ သောက်ရေ မသန့်တဲ့အတွက် ဝမ်းနဲ့ပတ်သက်တဲ့ ဆေးတွေ လတ်တလော လိုအပ်နေတယ်” လို့ ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆေးဘက်ဆိုင်ရာ တာဝန်ခံ ရဲဘော် စနေမက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ဖြတ်လေးဖြတ်ကဲ့သို့ ဆန်အပါအဝင် အခြေခံစားသောက်ကုန်တွေကိုပါ သယ်ယူခွင့် မပေးတာကြောင့် ပိုပြီး အခက်အခဲတွေ ဖြစ်နေရတယ်လို့ စစ်ရှောင်အရေးကူညီသူထံကနေ သိရပါတယ်။
စစ်ဘေးရှောင်တွေအနေနဲ့ မိုးဦးကာလဖြစ်တဲ့အတွက် နေစရာ မလုံလောက်တာကြောင့် မိုးကာတဲတွေမှာ စုပြုံပြီး နေထိုင်နေကြရသလို ယားနာတွေလည်း ပေါက်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ စစ်ကြောင်းတွေထဲ အိုင်ဇောက်ကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကြောင်းကတော့ ပြန်ဆုတ်ခွာသွားပြီလို့ သိရှိရပေမယ့် ကျန် စစ်ကြောင်းတွေ ရှိနေသေးတာကြောင့် နေရပ် မပြန်နိုင်ကြသေးပဲ အခက်အခဲများစွာနဲ့ ကြုံတွေ့နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ပေးပို့