တရုတ်ကုမ္ပဏီဝမ်ပေါင်ကနေ ကြေးနီပြားတွေသယ်တိုင်း ဒေသခံတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ တရုတ်အစိုးရကုမ္ပဏီ ဝမ်ပေါင်ရဲ့ ကြေးနီစီမံကိန်းအတွင်းကနေ ထွက်ရှိလာတဲ့ ကြေးနီပြားတွေကို သယ်ဆောင်တဲ့ အချိန်တိုင်း အနီးဝန်းကျင်မှာရှိတဲ့ ဒေသခံကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ သေဆုံး ထိခိုက်ဒဏ်ရာရရှိတာတွေ ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေက ဝမ်ပေါင် ကုမ္ပဏီနဲ့ ယမ်စီကုမ္ပဏီတို့ရဲ့ စီမံကိန်းဧရိယာများအတွင်း စခန်းချကာ ကုမ္ပဏီမှကားများကို အသုံးပြုပြီး အနီးအနားရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးခြင်း ကုမ္ပဏီဝင်းအတွင်း ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ပြုလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။
“ ကြေးနီပြားတွေ သယ်ထုတ်တော့မယ်ဆိုရင် ပစ်ပြီ၊ ပတ်လည်ကိုပစ်တာ။ ကုမ္မဏီနဲ့ ဝမ်ပေါင်ကြားမှာ ရှိတဲ့ ကျေးရွာတွေ အားလုံးကို ပစ်ခတ်တာ။ အဲဒီချိန်တွေဆို အကုန်ပြေးရတာ သူတို့က စစ်ကြောင်းလည်း ထိုးသေးတယ် “ လို့ ဒေသခံတစ်ဦးက CJ Platform ကိုပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် G12 ကျောင်းသူတစ်ဦး သေဆုံးခဲ့တာရှိသလို မေလ ၁၄ ရက်နေ့ ည ၁ဝနာရီခန့်မှာလည်း ရေကြည်ပင်ကျေးရွာ အပေါ်ကို လက်နက်ကြီးနဲ့ အချက်ပေါင်း မရေတွက်နိုင်အောင် ပစ်ခတ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
တရုတ်နိုင်ငံ ကုမ္ပဏီဖြစ်တဲ့ ဝမ်ပေါင်ကုမ္ပဏီနဲ့ ယမ်စီကုမ္ပဏီတို့ဟာ စစ်ကောင်စီရဲ့ အဓိဝင်ငွေလမ်းကြောင်းဖြစ်သလို တရုတ်နိုင်ငံ အကျိုးစီးပွားအတွက် စစ်ကောင်စီက ဒေသခံတွေကို အကြောင်းမဲ့ ပစ်ခတ် သတ်ဖြတ်နေသလို နေအိမ်အဆောက်အဦတွေကိုလည်း ဖျက်စီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တရုတ်နိုင်ငံ ကုမ္ပဏီဖြစ်တဲ့ ဝမ်ပေါင်ကုမ္ပဏီဟာ တစ်ရက်ကို ကြေးတန်ချိန် ၃၀၀ ခန့်ထုတ်လုပ်နေပြီး တစ်ရက်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ သန်းခန့် ဝင်ငွေရရှိနေကာ စစ်ကောင်စီရဲ့ အဓိက ဝင်ငွေလမ်းကြောင်းတစ်ခုလည်း ဖြစ်နေတယ်လို့ ယင်းမာပင်ခရိုင်ရှိ တော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ဦးကပြောပါတယ်။
ဒါ့အပြင် ဒေသခံပြည်သူတွေကို အကျိုးမရရှိစေဘဲ ဒုက္ခပေးနေတဲ့ တရုတ်ကုမ္ပဏီ ဝမ်ပေါင်နဲ့ ယမ်စီကုမ္ပဏီမှာ ဝင်ရောက်အလုပ် လုပ်ကိုင်နေခြင်းဟာ စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေဖြစ်တာကြောင့် ဖြိုချရမှာဖြစ်ပြီး အရေးယူမှုတွေ ဖြစ်လာချိန်မှာတော့ အာမခံချက်မပေးနိုင်ဘူးလို့ သူကဆိုပါတယ်။
“အဲ့ဒီ ကုမ္ပဏီ လည်ပတ်နေသရွေ့ကတော့ အနားပတ်လည်က ရွာတွေလဲ ကောင်းကောင်းမနေရဘူး။ အဲဒီကုမ္ပဏီက ရတဲ့ အကျိုးအမြတ်ကလဲ စစ်ကောင်စီကို သက်ဆိုးရှည်နေမှာ ဖြစ်သလို ပြည်သူလူထုလဲ အကျိုးမြတ်မခံစားရဘူး “ လို့ ယင်းမာပင်ခရိုင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်ရဲဘော်က CJ Platform ကိုပြောပါတယ်။
ဝမ်ပေါင်ကုမ္ပဏီနဲ့ ယမ်စီကုမ္ပဏီမှာ ဝင်ရောက်အလုပ်လုပ်ကိုင်နေတဲ့ Non CDM ဝန်ထမ်းတွေကိုလည်း အမြန်ဆုံး အလင်းဝင်ရောက်ဖို့ ပြောဆိုခဲ့သလို ပြင်းထန်တဲ့အရေးယူတာတွေ လုပ်ဆောင်တော့မှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ဝမ်ပေါင်၊ ယမ်စီကုမ္ပဏီတွေ လည်ပတ်နိုင်ဖို့ ပတ်ဝန်းကျင်ရှိ မကျီးတန်းကျေးရွာ ညောင်ပင်ကြီးကျေးရွာ၊ ဆည်တည်းကျေးရွာ၊ ဇီးတောကျေးရွာ၊ ဝက်မှေးကျေးရွာတို့အပြင် အနီးဝန်းကျင်ကျေးရွာတွေကို မီးရှို့ ဖျက်ဆီး ခဲ့ရာမှာ ပြီးခဲ့တဲ့ နှစ်အတွင်း ညောင်ပင်ကြီး ကျေးရွာအုပ်စုက အိမ်ခြေ ၁၃၀၀ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရသလို အပြစ်မဲ့ ပြည်သူ ၃ဝခန့် အစုလိုက်အပြုံလိုက်လဲ သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
တရုတ်ကုမ္ပဏီတွေဖြစ်တဲ့ ဝမ်ပေါင်ကုမ္ပဏီနဲ့ ယမ်စီကုမ္ပဏီတို့ ဝန်းကျင်ရှိ ကျေးရွာတွေနဲ့ ပုသိမ်-မုံရွာ လမ်းဘေးတလျှောက်ရှိကို စစ်ကောင်စီက မကြာခန စစ်ကြောင်းထိုးလေ့ရှိသလို လက်နက်ကြီးတွေနဲ့ ပါအကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်သလို လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းထိုးလာပါက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်းများအပြင် အကြမ်းဖက်မှု နည်းမျိုးစုံကို ပြုလုပ်နေတာကြောင့် ကျေးရွာများရှိ ဒေသခံတွေက စစ်ကြောင်းထိုးတိုင်း ဘေးလွတ်ရာကို တိမ်းရှောင်ကြရတယ်လို့ စုံစမ်းသိရှိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – ဝမ်ပေါင်ကုမ္ပဏီရဲ့ လုပ်ငန်းခွင်တစ်နေရာကို မြင်ရပုံ (ပုံဟောင်း)