ငရဲခွေးကြီး မင်းအောင်လှိုင်ကို ဘယ်လိုရှင်းကြမလဲ

Author ကိုလင်း
Categories
Published on May 19, 2025

မြန်မာ့နိုင်ငံရေးကို အမျှော်အမြင်ကြီးစွာနဲ့ ဆောင်ရွက်ဖို့ တရုတ်ဧကရာဇ် ရှီကျင့်ဖိန်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပြောကြားခဲ့ပြီး ၃ရက်အကြာမှာ စာသင်နေတဲ့ ကလေးငယ်တွေဆီ ဗုံးမိုးရွာ သတ်ဖြတ်ပြခဲ့တယ်။

 

မေလ၉ရက်မှာ မော်စကိုရောက်နေတဲ့ ရှီကျင့်ဖိန်နဲ့ မင်းအောင်လှိုင်တို့ တွေ့ဆုံကြတယ်။ မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ပြီးနောက်ပိုင်း ရှီကျင့်ဖိန်က ပထမဆုံး တွေ့ဆုံခွင့်ပြုခြင်းမို့ နိုင်ငံတကာ မျက်နှာစာထက် မှာ တရုတ်က စစ်ကောင်စီကို တရားဝင် အောင်လက်မှတ် ထုတ်ပေးလိုက်တဲ့ သဘော။ သွေးစွန်းနေတဲ့ မင်းအောင်လှိုင်ရဲ့ လက်ကို ရွံရှာရကောင်းမှန်းမသိ၊ ကိုယ်ကျိုးမျှော် ဆုပ်ကိုင်ခဲ့ပြီး ဘာမှမကြာ မင်းအောင်လှိုင် ပါရဂူမြောက်ကျွမ်းကျင်တဲ့ လူသတ်စွမ်းရည်ကို ရှီကျင့်ဖိန် ထပ်မြင်လိုက်ရခြင်းလည်း ဖြစ်တယ်။

 

ဒါပေမဲ့၊တရုတ်ဆိုတာက အင်အားကြီးအာဏာရှင်၊ ကမ္ဘာပေါ်က အာဏာရှင်နိုင်ငံမှန်သမျှနဲ့ ရွှေလမ်းငွေလမ်းဖောက်ကာ သိက္ခာမဲ့ နေကြမို့ စာသင်ကျောင်းဗုံးကြဲခံရတာ မြန်မာပြည်တွင်းရေးကိစ္စလို့ပဲ ပုဒ်မချလိုက်မှာ သေချာတယ်။ပြီးတော့ ကိုယ့်ပြည်သူကိုယ်ပြန်သတ်တာ စစ်ကောင်စီအတွက် နိစ္စဓူဝ ပြုမြဲအမှုမို့ သိပ်ထူးဆန်းတယ်ရယ်လည်း ဘယ် ဟုတ်တော့မလဲ။

 

ဒါပေမဲ့၊ကလေးတွေ စာသင်နေတဲ့အချိန် စာသင်ကျောင်းတည့်တည့်ကိုမှ ရွေးကာ ဗုံးမိုးရွာချ၊ အနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားနေခြင်းလည်း မရှိတာကြောင့် ရည်မှန်းချက်အတိအကျနဲ့ ဒီနေရာကို ပစ်မှတ်ထား သတ်ဖြတ် ခြင်းလို့ နားလည်ရပါမယ်။

 

မေလ၁၂ရက်နံနက်၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းရွာ စာသင်ကျောင်းမှာ စာအံသံချိုချိုလွင့်နေတဲ့ကလေး တွေ ငရဲပွက် ၊တိုက်လေယာဉ်ပေါ်ကနေ ခုန်ဆင်းလာတဲ့ သေမင်းက ရက်စက်စွာ သေဆုံးစေခဲ့တယ်။ ပွဲချင်းပြီးသေဆုံးတာ ကလေးအယောက်၂၀နဲ့ ဆရာမ၂ဦး။ မေလ၁၇ရက်အထိ စာရင်းအရ ဒဏ်ရာရကလေး နောက်ထပ်၂ဦး ထပ်မံသေဆုံး။ ဒဏ်ရာရရှိသူ ၁၀၀ ဝန်းကျင်။ ရာသက်ပန် ကိုယ်လက်အင်္ဂါ မစုံလင်တော့မယ့် ကလေးတွေလည်း နည်းမယ်မထင်။

 

သတ်ရဲပေမဲ့ ဝန်မခံရဲတဲ့ စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကို ဗုံးကြဲတိုက်ခိုက်မှုမရှိ ကြောင်း ငြင်းဆိုခဲ့ပေမဲ့ စစ်ကောင်စီလော်ဘီတွေကတော့ အဲဒီကျောင်းမှာ ဗုံးသီးတွေ ထုတ်နေပြီး မြို့ပေါ်က စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့ ခြေကုပ်ယူနေခြင်းကြောင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ရှင်းချက်ထုတ်တယ်။ လွတ်လပ်တဲ့ မီဒီယာတွေရဲ့ ဖော်ပြချက်က အချက်အလက်စုံလင်စွာနဲ့ ရှင်းလင်းနေပြီမို့ စစ်ကောင်စီရဲ့ သတ်ဖြတ်မှုဆိုတာ အခိုင်အမာ။

 

သတ်ဖြတ်မှုက ကျောင်းမှာ စာသင်နေတဲ့ ကလေးတွေ။ သတ်ဖြတ်တဲ့အချိန်က အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားတဲ့အချိန်။ စစ်ကောင်စီက ငလျင်ဘေး ကူညီကယ်ဆယ်နိုင်ရေးအတွက်လို့ဆိုပြီး ဧပြီ၂ရက်က နေ ၂၂ရက်ထိတစ်ကြိမ်၊ ဧပြီ၂၃ရက်ကနေ ၃၀ရက်အထိ တစ်ကြိမ်နဲ့ မတ်လ၆ရက်ကနေ ၃၁ရက်ထိ တစ်ကြိမ် အ ပစ်အခတ်ရပ်စဲကြောင်း ကြေညာထားပြီး လေကြောင်းကနေ ဗုံးကြဲမပျက်၊လက်နက်ကြီးနဲ့ ပစ်မပျက်၊ စစ်ကြောင်းထိုးမပျက်။

 

တတိယအကြိမ် အပစ်ရပ်သက်တမ်းတိုးခဲ့တဲ့ မေ၆ရက်ကနေ မေ၁၄ရက်အတွင်း ငလျင်ဒဏ်သင့်ဒေသတွေ အပါအဝင် နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အကြိမ်၃၀ကျော် လုပ်ဆောင်ခဲ့ရာမှာ လူအယောက် ၉၀နီးပါး သေဆုံးခဲ့ကြောင်း ဘီဘီစီက ဖော်ပြတယ်။

 

အပစ်ရပ်ကြေညာပြီး နေ့တိုင်းလိုလို လေကြောင်းတိုက်ခိုက်နေတာဟာ စစ်ကောင်စီရဲ့ ရိုးရာလိုဖြစ်နေတာ ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက အာရုံစိုက် မေးခွန်းထုတ်ခြင်းမရှိခဲ့ပေမဲ့ အိုးတိန်တွင်းရွာစာသင်ကျောင်း ဗုံးကြဲတိုက်ခိုက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီး ဖြစ်ပေါ်လာတော့ ထုံးစံအတိုင်း မီးထ တောက်တော့တယ်။

 

ဧပြီ၁၇ရက်တုန်းက မင်းအောင်လှိုင်ကို ဘန်ကောက်မှာ အရာသွင်းတွေ့ဆုံ၊ မင်းအောင်လှိုင်ကို လက်ဆွဲနှုတ် ဆက်၊ ငလျင်ဘေးသင့်ပြည်သူ ထိရောက်စွာ ကူညီနိုင်ရေးအတွက် အပစ်အခတ်ရပ်ဖို့လိုကြောင်း  နားချခဲ့တဲ့ လက်ရှိအာဆီယံဥက္ကဌ၊ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် ကတော့ မင်းအောင်လှိုင်ကို စိတ်ကူးယဉ် ကြည့်မိတာကြောင့် အရှက်တကွဲ။ ဒါပေမဲ့၊အာဆီယံကလည်း အစဉ်အလာမပျက် အိုးထိမ်းကွင်းရွာမှာ ငရဲပွက် ခဲ့တဲ့ ကလေးငယ်လေးတွေရဲ့ ဖြစ်စဉ်ကို မမြင်ချင်ယောင်ဆောင် နေကြပြန်တယ်။

 

စစ်ကောင်စီက ပြည်သူဘယ်လောက်သတ်သတ် မမြင်ချင်ယောင်ဆောင်ခြင်းဟာ အခုမှမဟုတ်။ မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်တဲ့ ၂၀၂၁ခုနှစ်ကနေ ဒီနေ့ထိတိုင် အာဆီယံစတိုင်။ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ကြေညာချက်တွေမှာ အကြမ်းဖက်မှုတွေရပ်ဖို့နဲ့ အကြမ်းဖက်မှုတွေကို ပြင်းထန်စွာကန့်ကွက်ကြောင်း ထည့်သွင်းဖော်ပြလိုက်ရင် သိပ်ကို တာဝန်ကျေသွားပြီလို့ အာဆီယံက သတ်မှတ်တဲ့ပုံ။အာဆီယံက မင်းအောင်လှိုင်နဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးသန်းဆွေကို အာဆီယံထိပ်သီးအစည်းအဝေးနဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်ခွင့် ပိတ်တာကိုတောင် စွန့်စွန့်စားစား ဆုံးဖြတ်ချက်ချထားတဲ့ပုံ။ ဘာလို့ဆိုတော့ အာဆီယံရဲ့ချဉ်းကပ်မှုပုံစံက စစ်ကောင်စီအပေါ် ဝေ ဖန်ခြင်းကို ရှောင်၊ စစ်ကောင်စီ ငြိုငြင်တာ မခံ ဘူးဆိုတဲ့ နည်းနာနဲ့ အာဆီယံဘုံသဘောတူညီချက်၅ရပ် ဖော် ဆောင်နိုင်ရေး။ ဒါ့ကြောင့် အိုးထိမ်းကွင်းရွာ စာသင်ကျောင်း လူသတ်ပွဲဟာ သူတို့နဲ့မဆိုင်သလို ကျော်ပစ်လိုက် ဦးမယ့်သဘော။

 

မင်းအောင်လှိုင်ကို အရာမသွင်းတဲ့ ကုလသမဂ္ဂနဲ့ အနောက်အုပ်စုကတော့ ငရဲပွက်နေတဲ့ အိုးထိမ်းကွင်းရွာ စာ သင်ကျောင်းကို ငေးကာ အစဉ်အလာမပျက် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်ထုတ်တော့ တယ်။ ကုလအတွင်းရေးမှူးချုပ်ကလည်း နယူးယောက် ဆင်စွယ်ဘုံနန်းထက်ကနေ ပြင်းထန်စွာကန့်ကွက် တယ်။ အမေရိ ကန်၊ ပြင်သစ်၊ ဩစတြေးလျ စသဖြင့် လက်သီးလက်မောင်းတန်းကန့်ကွက်ကြရုံတင်မက တချို့က တွေ့ဆုံ ဆွေးနွေးဖို့အထိပါ တိုက်တွန်းနေလေတော့ သားစားဘီလူးကို ဥပုသ်ဆောက်တည် ခိုင်းနေ သလိုမျိုး။ ဥရောပသမဂ္ဂရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူတဲ့အထိ ပြုလုပ်ဖို့လိုတယ်လို့ ဆိုတယ်။ ဒါပေမဲ့၊ထုံးစံအတိုင်း အရေးယူနိုင်ဖို့ နောက်ဆက်တွဲ ဘယ်လိုလုပ်ကြမလဲဆိုတဲ့ လုပ်ငန်းစဉ်တွေ မမြင်ရတော့ ကလေးတွေ ရုပ်ပျက်ဆင်းပျက် သေဆုံးကြတာကိုမြင်ပြီး စိတ်လိုက်မာန်ပါ ရေးလိုက်တာထက် မပိုပါဘူး။

 

ပြောရရင် နိုင်ငံတကာအသိုင်းအဝိုင်းက အလုပ်မဖြစ်တဲ့ ကြေညာချက်တွေသာ ထုတ်ပြန်နေတာဟာ ကိုယ့် ကိုယ်ကိုယ် ဒီမိုကရေစီစံနှုန်းပြည့် ယဉ်ကျေးတဲ့အစိုးရတစ်ရပ်ဖြစ်ကြောင်း ပေါ်လွင်အောင် လုပ်နေတာလား လို့တောင် သံသယ ဖြစ်မိတယ်။

 

အရင့်အရင် ပဇီကြီး၊ အနန့်ပါ၊ လက်ယက်ကုန်း အစုလိုက်အပြုံလိုက် လူသတ်ပွဲတွေတုန်းကလည်း ဖြစ်ခါစ တစ်ပတ် ၊၁၀ရက် ကြေညာချက်တွေ ပြင်းပြင်းထန်ထန်ထုတ် ၊ပြီးတော့လည်း ပြီးသွားတာပဲဆိုတော့ အခုလည်း မေလကုန်လောက်ဆို အိုးထိမ်းကွင်းရွာ စာသင်ကျောင်း တိုက်ခိုက်ခံရမှုဟာ ပြီးသွားမှာ သေချာတယ်။ အဲဒီလို ကြေညာချက်လေးထုတ်ကာ ပြီးသွားတာပဲဆိုတော့ စစ်ကောင်စီကလည်း အဖက်မလုပ်သလို မြန်မာပြည်သူတွေလည်း ဘာမှထပ်မပြောချင်လောက်အောင် စိတ်ပျက်နေကြပြီ ဖြစ်တယ်။

 

ဘာ့ကြောင့် အလုပ်မဖြစ်တဲ့ကြေညာချက်တွေနဲ့ပဲ ပြီးသွားကြတာပါလဲ။ မြန်မာ့အရေး ပြန့်ကျဲနေတဲ့ နိုင်ငံတကာအင်အားတွေကို မစုစည်းနိုင်ခြင်းက သော့ချက်လို့ထင်တယ်။ မြန်မာ့အရေး စုစည်းတဲ့ နိုင်ငံတကာအင်အား တစ်ရပ်ဖြစ်လာဖို့ ပထမဆုံးလှမ်းသင့်တဲ့ခြေလှမ်းက မြန်မာ့နွေဦးအပေါ် သိရှိ စေတနာကြီးတဲ့ နိုင်ငံတကာနယ် ပယ်အသီးသီးကထင်ရှားတဲ့ ပုဂ္ဂိုလ်တွေရဲ့ အင်အားကို ခွန်အားတစ်ရပ်ဖြစ်အောင် စုစည်းနိုင်ဖို့ပါပဲ။

 

ပြောရရင် NUGအစိုးရရဲ့ တစ်ကိုယ်တော် သံတမန်ရေးလှုပ်ရှားမှုတွေဟာ အခုထိတိုင် နိုင်ငံတကာအသိုင်းအ ဝိုင်းဆီကနေ လျှာဖျားလေးနဲ့ ထောက်ခံမှုသာ ရရှိနေသေးတာမို့ ကိုယ့်အဖြစ်ကိုယ်သိကာ ဗားရှင်းအသစ်နဲ့ နိုင်ငံတကာ စုစည်းအင်အားရဖို့ ကြိုးစားသင့်ပါတယ်။

 

မြန်မာ့အရေး အားကောင်းတဲ့ နိုင်ငံတကာဗဟိုချက် မတည်ဆောက်နိုင်သေးခြင်းဟာ ရုရှားနဲ့တရုတ် အ ထောက်အပံ့တွေနဲ့ ထင်ရာစိုင်းနေတဲ့ ငရဲခွေးကြီး မင်းအောင်လှိုင်ကို လက်ထိပ်မခတ်နိုင်ခြင်းရဲ့ အရေးပါတဲ့ အချက်တစ်ချက်ပါပဲ။

 

နွေဦးတော်လှန်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းဆီကနေ လက်တွေ့ကျတဲ့ အကူအညီတွေ သိပ်လိုအပ် နေပါတယ်။