ထရမ်စဖော်မာ ပေါက်တာကို PDF တွေဝင်လာတယ်ဆိုပြီး ချောင်းသာကရဲတွေ ထွက်ပြေး

ဧရာဝတီတိုင်းက အပန်းဖြေကမ်းခြေရှိရာ ချောင်းသာမြို့ရဲ့ ရဲစခန်းဘေးက ထရမ်စဖော်မာ (Transformer) တစ်လုံး ဒီကနေ့ မေလ ၁၈ ရက် မနက်က ဖြူးစ်ပေါက်ကွဲတာကို သေနတ်ပစ်သံထင်ပြီး စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ ဝရုန်းသုန်းကား ထွက်ပြေးကြတယ်လို့ ချောင်းသာဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ချောင်းသာရဲစခန်းဝန်းထဲမှာရှိတဲ့ ထရမ်စဖော်မာက ညသန်းခေါင်အကျော် ဒီနေ့မနက် ၁ နာရီဝန်းကျင်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲသံကို တော်လှန်ရေးတပ်ဖွဲ့တွေ ရဲစခန်းကိုဝင်စီးတယ် အထင်နဲ့ ထွက်ပြေးခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
“ ထရမ်စဖော်မာ ဖြုးစ်ပေါက်တာ၊ သေနတ်ပစ်သံထင်ပြီးရဲတွေ ဟိုပြေးဒီပြေးနဲ့ ဝရုန်းသုန်းကားဖြစ်ကုန်တာ၊ ဝင်အပစ်ခံရတယ်ထင်ပြီး ပြေးကြတာ “ လို့ ဒီအကြောင်းသိရှိသူ ချောင်းသာဒေသခံ အမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။
အဲဒီလိုထွက်ပြေးရာမှာ ညတာဝန်ကျ ရဲဝန်ထမ်းတွေ ကိုယ်လွန်ရုန်းထွက်ပြေးကြတာဖြစ်ပြီး ထရမ်စဖော်မာပေါက်မှန်း သိမှ ပြန်ဝင်လာကြတာလို့ သူက ဆက်ပြောပါတယ်။
အဲဒီလို ပေါက်ကွဲမှုအပြီး ချောင်းသာရဲစခန်းဝန်းအတွင်းနဲ့ ဆက်စပ်နေရာအချို့ လျှပ်စစ်ပြတ်တောက်ခဲ့ပြီး ညတွင်းချင်း လျှပ်စစ်ရုံးက လာရောက်ပြုပြင်ပေးခဲ့ရတယ်လို့ စုံစမ်းသိရှိရပါတယ်။
“ ညဘက်ကြီး ရဲစခန်းထဲပေါက်ကွဲသံကြားတာ၊ ရဲတွေလည်း ဟိုပြေးဒီပြေးနဲ့ ရုတ်ရုတ်သဲသဲဖြစ်ခဲ့တာ။ ပြီးမှ EPC ကိုလှမ်းခေါ်လို့ ဝန်ထမ်းတွေ ညတွင်းချင်း ချက်ချင်းသွားပြင်ကြရတာ “ လို့ လျှပ်စစ်ရုံးနဲ့ နီးစပ်သူ ချောင်းသာဒေသခံတစ်ဦးက ပြောပါတယ်။
အခု ဖြူးစ်ပေါက်ကွဲတဲ့ ထရမ်စဖော်မာဟာ ရဲစခန်းအတွက် သီးသန့်ပေးထားတာဖြစ်လို့ ချောင်းသာမြို့အတွင်းမှာတော့ မီးပျက်တာမရှိဘူးလို့ သူကဆက်ပြောပါတယ်။
အာရက္ခတပ်တော် AA နဲ့ မဟာမိတ်တပ်တွေဟာ ဇန်နဝါရီ ပထမပတ်အတွင်းကစပြီး ရခိုင်-ဧရာဝတီတိုင်းအစပ် ပုသိမ်ခရိုင်ထဲကို ထိုးစစ်ဆင်လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလ လလယ်မှာ လေးမျက်နှာမြို့ နယ်ထဲရှိ ပန်းတောကြီးကျေးရွာအနီးမှာ ထိတွေတိုက်ပွဲတွေ ပြင်းထန်ခဲ့သလို မေလဆန်းပိုင်းမှာလည်း ရေကြည်မြို့နယ်ထဲက အမြောက်တပ် ၃၄၄ အနီးမှာလည်း တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။
အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ရခိုင်- ဧရာဝတီနယ်စပ်ရှိ မကျီးဇင်ကျေးရွာနဲ့ ဘောမိကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့သလို ဗေဒါစစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့က သိမ်းပိုက်လိုက်ပြီ ဖြစ်တယ်လို့ ဒေသတွင်း သတင်းတွေ အရ သိရပါတယ်။
စစ်ကောင်စီကတော့ တပ်တွေအလွယ်တကူ ရွှေ့ပြောင်းနိုင်ဖို့ ပုသိမ်-ချောင်းသာလမ်းကို နှစ်လမ်းသွားအဖြစ် ချဲ့ထွင်နေရာမှာ မိုးဦးကာလ မိုးရွာနေတာကိုပင် လုပ်ငန်းရပ်နားခြင်းမရှိပဲ ဆက်လက်လုပ်ဆောင်နေကြဆဲ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
လက်ရှိ ချောင်းသာမှာ စစ်ရိပ်စစ်ခြေ လျော့ကျသွားလို့ စစ်ရှောင်ခဲ့ကြတဲ့ ဒေသခံတွေ ပြန်လည်ဝင်ရောက် နေထိုင်နေကြပေမဲ့ ရခိုင်ပြည်နဲ့ ထိစပ်နေတဲ့ အင်္ဂပူ၊ လေးမျက်နှာ၊ ရေကြည်စတဲ့ မြို့နယ်တွေမှာ စစ်ရိပ်စစ်ခြေမြင့် တက်နေတဲ့အတွက် ငွေသောင်ယံ၊ ချောင်းသာ ဘက်တွေမှာပါလည်း စစ်ရေးအခြေအနေတွေ တင်းမာလာမှာကို စိုးရိမ်နေကြပါတယ်။
ဓာတ်ပုံ – ချောင်းသာ ESE
ပုံစာ – ထရမ်စဖော်မာ ကြံ့ခိုင်မှုကို စစ်ဆေးနေတဲ့ ချောင်းသာ ESE ဝန်ထမ်းတွေကို တွေ့ရစဉ်