ကျပ်ငွေ ဘီလီယံ ၃၀၀၀ နီးပါးရှိ မူးယစ်ဆေးတွေ ဖမ်းဆီးမိတာကို AA အဖွဲ့က လုပ်ဆောင်တာလို့ စစ်ကောင်စီဆို စွပ်စွဲပြန်

Author CJ Platform
Categories
Published on May 17, 2025

စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့က ဖျာပုံမြို့နဲ့ ကော့သောင်းမြို့တို့ကနေ ကျပ်ငွေ ဘီလီယံ ၃၀၀၀ နီးပါးရှိတဲ့ မူးယစ်ဆေးတွေ ဖမ်းဆီးခဲ့ရာမှာ အာရက္ခတပ်တော် AA ကို ထောက်ပံ့ပေးနေတဲ့အဖွဲ့က မလေးရှားနိုင်ငံကို ပို့ဆောင်ဖို့ လုပ်ဆောင်နေတာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့ထုတ်သတင်းစာမှာ စွပ်စွဲ ရေးသားထားပါတယ်။

 

ဧရာဝတီတိုင်း၊ ဖျာပုံမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၆၀ ခန့်အကွာ ပင်လယ်ပြင်မှာ အားမာန်သစ် စက်လှေပေါ်ကနေ ပီနံအိတ် ၃၁ အိတ်နဲ့ ထည့်သွင်းတင်ဆောင်လာတဲ့ ICE ၆၁၈ ကီလိုဂရမ်ကို စတင်ဖမ်းဆီးမိခဲ့ပြီး ဆက်စပ် တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

“ AA အဖွဲ့က အဖွဲ့ ရပ်တည်နိုင်ရေးနဲ့ လက်နက်ခဲယမ်းများ ဝယ်ယူဖြည့်တင်းနိုင်ဖို့အတွက် လိုအပ်တဲ့ ငွေကြေးများ ရရှိနိုင်ဖို့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေတယ် “ လို့ စစ်ကောင်စီ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာရဲ့ အယ်ဒီတာအာဘော်မှာလည်း ထည့်သွင်းရေးသားထားပါတယ်။

 

စစ်ကောင်စီက ဖမ်းဆီရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ ဖျာပုံမြို့ ပင်လယ်ပြင်မှာ ICE မူးရစ်ဆေးဝါး ၆၁၈ ကီလိုဂရမ်၊ ကော့သောင်းမြို့ ကုန်တင်သင်္ဘောပေါ်ကနေ ICE ၃၄၇၅ ကီလိုဂရမ်၊ ကက်တမင်း ၂၀၀၀ ကီလိုဂရမ်၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ကနေ ကက်တမင်း ၁၀၀၀ ကီလိုဂရမ် စုစုပေါင်း ICE ၄၀၉၃ ကီလိုဂရမ်နဲ့ ကက်တမင်း ၃၀၀၀ ကီလိုဂရမ် ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

အဲဒီမူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ပြီး တရားခံ ၂၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ထိုအထဲ AA တပ်ဖွဲ့ရဲ့ ထောက်ပံ့ရေးတာဝန်ခံ ကိုနေပိုင်လင်း (ခ) အောင်နိုင်ကြွယ်နဲ့ ထောက်ပံ့ရေး ဒုတိယတာဝန်ခံ ကိုနေမြင့်ထွန်း (ခ)ပြည့်စုံ(ခ)လူကြီး တို့ကို မူးယစ်ဆေးတွေနဲ့ အတူ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီ သတင်းစာထဲ စွပ်စွဲဖော်ပြထားပါတယ်။

 

အခုဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေဟာ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊  ဝမ်ဟိုင်းကျေးရွာနေ ဝယ်ယူပြီး မလေးရှားနိုင်ငံကို ရေကြောင်းရဲ့ အားသာချက်ကို အသုံးချကာ   ရေလမ်းကြောင်းများကတစ်ဆင့် သယ်ယူပို့ဆောင်လာတာကို တွေ့ရတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

 

AA တပ်ဖွဲ့အနေနဲ့ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုပြုလုပ်ကာ ရရှိတဲ့ငွေကြေးနဲ့ လက်နက်၊ ခဲယမ်းများဝယ်ယူပြီး လက်နက်အားကိုးနဲ့ အနိုင်ကျင့်နှိပ်စက်တာတွေ လုပ်ဆောင်နေတယ်လို့လည်း စစ်ကောင်စီက စွပ်စွဲထုတ်ပြန်ထားပါတယ်။

 

အာရက္ခတပ်တော် AA အနေနဲ့ ရခိုင်ပြည်တွင်းရှိ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်းပေါင်းများစွာကို တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးငယ်မျိုးစုံ၊ ခဲယမ်းမျိုးစုံနဲ့ စစ်အသုံးအဆောင်ပစ္စည်းပေါင်းများစွာကို သိန်းသောင်းချီ သိမ်းဆည်းရရှိထားပါတယ်။

 

ရန်ကုန်တိုင်းအတွင်းကမြို့နယ် နှစ်ခုမှာ ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့ကလည်း မူးယစ်ဆေးဝါးဂိုဏ်းအဖွဲ့တစ်ခုကို မူးယစ်ဆေးဝါး ၃ တန်ကျော်နဲ့ အတူ ဖမ်းဆီးရမိခဲ့ရာမှာလည်း ချိတ်ဆက်ပို့ဆောင်ရောင်းချဖို့ စီမံခန့်ခွဲ သူဟာ AA စီးပွားရေးတာဝန်ခံ ကိုရဲဝင်း(ခ)ကျော်စိုးလင်း ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။

 

အာရက္ခတပ်တော် AA ဘက်ကတော့ စစ်ကောင်စီဟာ စစ်ရှုံးနေတာကြောင့် နိုင်ငံတကာမှာ အာရက္ခတပ်တော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေဖို့ စွပ်စွဲမှုတွေ လုပ်ဆောင်တာဖြစ်တယ်လို့ တုံ့ပြန်ထားဖူးပါတယ်။

 

ဓာတ်ပုံ – pro-SAC