စစ်ကိုင်းမှာ ယာယီတဲထိုးဖို့တောင် ထန်းရွက်တွေ တစ်ရွက် တစ်ထောင်ကျပ်ဖြစ်နေလို့ ငလျင်ဒဏ်သင့်ပြည်သူတွေ အခက်တွေ့နေရ

အင်အားပြင်းငလျင်ကြောင့် နေအိမ်တွေ ပြိုပျက်ခဲ့ရတဲ့ စစ်ကိုင်းမြို့မှာ ယာယီတဲထိုးပြီး နေထိုင်ဖို့အတွက် တဲတွေတည်ဆောက်ရာမှာ ထန်းရွက်တွေ စျေးနှုန်းမြင့်တက်လာနေတာကြောင့် အခက်အခဲတွေ့နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ငလျင်ဒဏ်ကြောင့် အဆောက်အဦတွေ ပြိုကျပျက်စီးခဲ့ရလို့ ပြန်လည်ရှင်းလင်းနေချိန်မှာ မိုးဦးစ ရာသီဖြစ်တာကြောင့် ယာယီအဆောက်အဦတွေ ပြန်တည်ဆောက်ကြရာမှာ လေဒဏ်မိုးဒဏ်ခံနိုင်စေရေး အမိုးအကာအတွက် မိုးကာ ၊ သက်ကယ်စတဲ့အရာတွေ အသုံးပြုကြပေမဲ့ ထန်းရွက်ကို အသုံးပြုမှု ပိုမိုများလာတာကြောင့် ထန်းရွက်စျေးနှုန်း မြင့်တက်လာရခြင်း ဖြစ်တယ်လို့ သိရပါတယ်။
“ဒီစစ်ကိုင်းမှာ ၀ယ်လို့ရတာမဟုတ်ဘူး၊ တံတားဦးတို့ ရွှေဘိုသွားတဲ့ဘက်က ဆားတောင်တို့ဘက်ကို သွား၀ယ်ရတယ် ၊ အရင်ကလည်း အဲဒီလို သွား၀ယ်ရတာ။ ခုငလျင်ပြီးတော့ ၀ယ်လိုအားများတော့ စျေးလည်း မတရားတက်သွားတာ” လို့ စစ်ကိုင်းမြို့ဒေသခံ အသက် ၅၂ နှစ်ခန့်အမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။
ငလျင်မလှုပ်ခင်က ထန်းရွက်တစ်ချပ်ရဲ့ အရွက်လှပုံ မလှပုံကိုမူတည်ပြီး ကျပ် ၃၀၀ ကနေ ကျပ် ၅၀၀ ကြားသာရှိရာက လက်ရှိမှာတော့ ထန်းရွက်တစ်ချပ်ကို ကျပ် ၁၀၀၀ အထိ ဈေးမြင့်တက်သွားတယ်လို့ သူက ဆက်ပြောပါတယ်။
ထန်းရွက်စျေးအပြင် ဝါးစျေး ၊သက်ကယ်ဈေးလည်း ပုံမှန်စျေးထက် ငလျင်ပြီးနောက် နှစ်ဆခန့် မြင့်တက်မှုတွေရှိနေပြီး စက်သုံးဆီ ၀ယ်ယူရခက်ခဲမှုတွေကြောင့် သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်မှုတွေလည်း ရှိနေတယ်လို့ စုံစမ်း သိရရှိရပါတယ်။
ငလျင်လှုပ်ခတ်ပြီးနောက် ဒီကနေ့အထိ စစ်ကိုင်းမှာ အိမ်ဆောက်ပစ္စည်း စျေးနှုန်မြင့်တက်မှုတွေ ဖြစ်နေတဲ့အပြင် လိုအပ်သလို၀ယ်ယူလို့မရပဲ ဒေသခံတွေအနေနဲ့ အခက်အခဲများစွာ ရှိနေတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီက စစ်ကိုင်းမြို့ပေါ်မှာ ပြန်လည်တည်ဆောက်ရေးအတွက် ဘိလပ်မြေ၊ အုတ်၊ ၀ါး၊ ၀ါးထရံနဲ့ လျှပ်စစ်ပစ္စည်းတွေကို ဈေးရောင်းပွဲတော်လို့ဆိုကာ ရောင်းချပေးပေမဲ့ ကန့်သတ်ချက်များစွာနဲ့ ရောင်းချပေးနေတဲ့ အပြင် လိုသလောက်မရရှိတာကြောင့် ဒေသခံတွေအတွက် အကျိုးမရှိဘူးလို့လည်း စစ်ကိုင်းဒေသခံတစ်ဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။
“ ၅ ရက်ပဲလာရောင်းတာ။ အကန့်အသတ်နဲ့ရောင်းပေးသလို လုံလောက်အောင်လည်း ရောင်းမပေးဘူး။ ဘိလပ်မြေဆို အပြင်ဈေးနီးပါးအတိုင်းပါပဲ ဘာမှထူးမနေဘူး “ လို့ စစ်ကိုင်းမြို့ခံ CJ Platform သတင်းရင်းမြစ်က ဆိုပါတယ်။
စစ်ကိုင်းမြို့အတွင်း ပြန်လည်တည်ဆောက်ရေးအတွက် ဆောက်လုပ်ရေးသုံးပစ္စည်းတွေ လွယ်လွယ်ကူကူ ဝယ်လို့မရတာတွေရှိသလို တန်းစီဝယ်ယူနေရတယ်လို့လည်း မြို့ခံတွေဆီကနေ သိရပါတယ်။
စစ်ကိုင်းမြို့အနီးကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် စစ်ကိုင်းမြို့မှာ နေအိမ် ၈၀ ရာခိုင်နှုန်းခန့်ပျက်စီးသွားပြီး နိုင်ငံတဝန်း ငလျင်ကြောင့် ပြည်သူများ အသက်ဆုံးပါးမှုဟာ ဧပြီလ ၂၄ ရက်နေ့အထိ (၃၇၆၃) ဦးရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
စစ်ကောင်စီဟာ နှစ်ပေါင်း (၁၈၆) နှစ်အတွင်း အဆိုးဝါးဆုံးဖြစ်ခဲ့တဲ့ ငလျင်ဘေးကို ဂရုမထားဘဲ ငလျင်ကို အကြောင်းပြုကာ နိုင်ငံတကာဝင်ဆံ့မှုကိုသာ ဦးတည်လှုပ်ရှားနေခဲ့ပြီး နိုင်ငံတကာမှာ အမည်ရရေးအတွက် အပစ်ရပ်တယ်လို့ ကြေညာထားပေမဲ့ လေကြောင်းတိုက်ခိုက်မှုများအပြင် ပြည်သူကို ခြိမ်းခြောက်ဦးတည်တဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ယနေ့ချိန်အထိ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
ဓာတ်ပုံ – အရှင် ဣန္ဒာဝုဓ Facebook