အိုးထိန်းတွင်းကျေးရွာက စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ ကလေးငယ်တွေအပါအဝင် လူဆယ်ချီသေဆုံး

Author CJ Platform
Categories
Published on May 12, 2025

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်  အနောက်ဘက်ခြမ်းရှိ အိုးထိန်းကွင်းကျေးရွာကို စစ်ကောင်စီက ဒီကနေ့မနက် ၉ နာရီ ၄၀ အချိန်ခန့်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေ အပါအဝင် ဒေသခံတွေ အများအပြားသေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

အိုးထိန်းကွင်းကျေးရွာရဲ့ အလယ်တန်းကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စာသင်ကြားနေချိန်ဖြစ်တာကြောင့် အသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့တာများတယ်လို့ သိရပါတယ်။

 

လက်ရှိမှာ လေကြောင်းအန္တရာယ်စိုးရိမ်နေရတာကြောင့် ရှာဖွေကယ်ဆယ်ရေးအချို့ကိုသာ လုပ်ဆောင်နိုင်တယ်လို့ ဒေသခံအချို့ဆီကနေ သိရပါတယ်။

 

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ စာသင်ကျောင်းတည့်တည့်ကျရောက်ခဲ့ပြီး ပေါက်ကွဲမှုပြင်းထန်တယ်လို့သာ သိရှိရသေးပြီး သေးစိတ်အချက်အလက်ကိုတော့ CJ Platform အနေနဲ့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

 

ဗုံးကြဲတိုက်ခိုက်မှုကြော့် ကလေးငယ် ၁၀ဦးထက်မနည်း သေဆုံးပြီး ထပ်တိုးသေဆုံးမှုအဖြစ် အယောက် ၅၀ဝန်းကျင်ထိ ရှိနိုင်တယ်လို့ S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။

 

ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ် အထူးသတိထားကြဖို့ ကိုလည်း တိုက်တွန်းထားပါတယ်။

 

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့ကလည်း လက်လှုပ်တောင်ရွာထဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့ပါတယ်။

 

ဓာတ်ပုံ – ပေးပို့