နိုင်ငံတကာမျက်နှာစာမှာ စစ်ကောင်စီဘက် ရပ်တည်ပေးမယ်လို့ ရှီကျင်ဖျင်ပြော စစ်ခေါင်းဆောင်က ကျေးဇူးတွေတင်

Author CJ Platform
Categories
Published on May 10, 2025

ရုရှားနိုင်ငံကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ မနေ့က မေလ ၉ ရက်နေ့ ရုရှားနိုင်ငံ မော်စကိုရှိ Soluex Hotel ရဲ့ BEIJING ဧည့်ခန်းမဆောင်မှာ တွေ့ဆုံချိန် နိုင်ငံတကာမျက်နှာစာမှာ စစ်ကောင်စီဘက်က ရပ်တည်ပေးမယ်လို့ တရုတ် သမ္မတက ပြောကြားခဲ့တဲ့အပေါ် စစ်ခေါင်းဆောင်က တရုတ်နိုင်ငံရဲ့ ကူညီ ဆောင်ရွက်ပေးမှုတွေကို အစဉ်အမြဲ ကျေးဇူးတင်အမှတ်ရနေမယ်လို့ ပြောဆိုခဲ့ပါတယ်။

 

နှစ်ဖက်တွေ့ဆုံမှုအတ္ငင်း စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို ရှီကျင့်ဖျင်က အားပေးထောက်ခံတယ်လို့ ပြောဆိုခဲ့ပြီး စစ်ခေါင်းကလည်း နှစ်ဖက်နီးကပ်စွာ ဆက်လက် ပူးပေါင်းသွားမယ်လို့ ဆိုခဲ့ကြပါတယ်။

 

“ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာတွေမှာ မိမိတို့(မြန်မာနိုင်ငံ)ဘက်ကနေ ရပ်တည်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ရှိတယ်လို့ “ တရုတ်နိုင်ငံကြောင့် လားရှိုးမြို့ ပြန်ရယူနိုင်ခဲ့တဲ့ စစ်ကောင်စီခေါင်းဆောင်က ပြောပါတယ်။

 

တရုတ်-မြန်မာဆက်ဆံရေးဟာ အခုနှစ်မှာ ၇၅ နှစ်မြောက်ရောက်ရှိပြီဖြစ်တဲ့အပြင် စစ်ကောင်စီက အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ အချုပ်အခြာအာဏာနဲ့ တည်ငြိမ်အေးချမ်းရေးတို့ကို အမြဲထောက်ခံအားပေးနေမှာဖြစ်သလို ဆက်လက် ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်ဆိုပြီး တရုတ်သမ္မတက ပြောဆိုခဲ့တယ်လို့ စစ်ကောင်စီ မီဒီယာက ထုတ်ပြန်ထားပါတယ်။

 

စစ်ခေါင်းဆောင်က ငလျင်ဒဏ်ကြောင့်ထိခိုက်ခဲ့ရတာတွေကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ  ဆောင်ရွက်ဖို့ တရုတ်နိုင်ငံအနေနဲ့ ဆက်လက်ကူညီပံ့ပိုးပေးဖို့ တောင်းဆိုခဲ့သလို ရွေးကောက်ပွဲကို ဒီနှစ်ကုန်မှာ ကျင်းပမှာဖြစ်ပြီး နိုင်ငံတကာက လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေကို ဖိတ်ကြားနိုင်ဖို့ အိမ်နီးခြင်းနိုင်ငံတွေနဲ့အတူ အေးအတူပူအမျှ အနာဂတ်မျှဝေတဲ့ အသိုက်အဝန်းတစ်ခု တည်ဆောက်ဖို့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ငလျင်လှုပ်ပြီးမှ အာစီယံအစည်းအဝေးတက်နိုင်ခဲ့သူ အာဏာသိမ်းခေါင်းဆောင်က ဆိုပါတယ်။

 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ တွေ့ဆုံပွဲမှာ နှစ်ဖက်ဆက်ဆံရေးတိုးမြှင့်ဖို့ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုနဲ့ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ဖို့ အပြင် ဒေသတွင်း တည်ငြိမ်အေးချမ်းမဲ့ကိစ္စရပ်တွေကို ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီ မီဒီယာက ထုတ်ပြန်ထားပါတယ်။

 

ကိုးကန့်တပ် MNDAA နဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တည်ရှိရာ လားရှိုးမြို့ကို စစ်ကောင်စီက တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် ပြီးခဲ့တဲ့ ဧပြီလအတွင်းက ရရှိခဲ့ပါတယ်။

 

ဒါ့အပြင် တအာင်း TNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့တို့ကနေ TNLA တပ်တွေပြန်လည်ဆုတ်ခွာပေးဖို့ တရုတ်နိုင်ငံအားကိုးနဲ့ စစ်ကောင်စီတပ်ရဲ့ အဆင့်မြင့်အရာရှိတစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးက တောင်းဆိုခဲ့ပါတယ်။

 

ဓာတ်ပုံ – pro-SAC