ထရမ့်က သူ့ရဲ့ အရှေ့အလယ်ပိုင်းခရီးစဉ်မှာ ပါရှန်ပင်လယ်ကွေ့ နာမည်ပြောင်းဖို့ကိစ္စ ဆုံးဖြတ်ချက် ချမယ်လို့ဆို

Author CJ Platform
Categories
Published on May 08, 2025

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ အရှေ့အလယ်ပိုင်းဒေသထဲက ဆော်ဒီအာရေဗျ၊ ကာတာနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) ကို သွားရောက်မယ့် ခရီးစဉ်အတွင်းမှာ ပါရှန်ပင်လယ်ကွေ့ (Persian Gulf) ကို အမေရိကန်က ဘယ်လို ခေါ်ဝေါ်သုံးစွဲမလဲဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချသွားမယ်လို့ ယမန်နေ့ မေလ ၇ ရက်နေ့မှာပဲ ပြောဆိုလိုက်ပါတယ်။

 

အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ ထရမ့်က သူ့ရဲ့ ခရီးစဉ်အတွင်း အိမ်ရှင်နိုင်ငံတွေက ပင်လယ်ကွေ့ရဲ့ အမည်နဲ့ ပတ်သက်ပြီး မေးမြန်းလာမယ်လို့ မျှော်လင့်ထားကြောင်းလည်း ပြောဆိုပါတယ်။

“ကျွန်တော် ဆုံးဖြတ်ချက်တစ်ခုတော့ ချရပါမယ်” လို့ ထရမ့်ကပြောဆိုခဲ့သလို “ (ကျွန်တော့် ဆုံးဖြတ်ချက်ကြောင့်) ဘယ်သူ့ကိုမှ စိတ်ထိခိုက်တာမျိုး မဖြစ်စေချင်ပါဘူး၊ ဒါပေမဲ့ စိတ်ထိခိုက်မှု ရှိ မရှိ ဆိုတာကိုတော့ မသိပါဘူး” လို့လည်း ဖြည့်စွက်ပြောပါတယ်။

 

ထရမ့်က သမ္မတရာထူးကို ပြန်လည်ရယူပြီးတဲ့နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အရှေ့အလယ်ပိုင်းကို သွားရောက်မယ့် ခရီးစဉ် မတိုင်ခင်မှာ အမေရိကန်အခြေစိုက် သတင်းဌာနတွေက ထရမ့်ဟာ သူ့ခရီးစဉ်အတွင်းမှာ ပါရှန်ပင်လယ်ကွေ့ကို “အာရေဗီယန်ပင်လယ်ကွေ့” (Arabian Gulf) ဒါမှမဟုတ် “အာရေဗျပင်လယ်ကွေ့” (Gulf of Arabia)အဖြစ် ပြောင်းလဲခေါ်ဆိုဖို့ အစီအစဉ်ရှိကြောင်း ဖော်ပြချက်တွေ ရှိလာပြီးနောက်မှာ ထရမ့်ဘက်က အခုလိုမျိုး‌ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

 

ပင်လယ်ကွေ့ရဲ့ နာမည်နဲ့ ပတ်သက်ပြီး အာရပ်နိုင်ငံတွေနဲ့ အီရန်နိုင်ငံကြား မကြာခဏဆိုသလို အငြင်းပွားမှုတွေ ရှိနေခဲ့တာပါ။ အီရန်ကတော့ ရှေးဟောင်းမြေပုံတွေအပါအဝင် သမိုင်းဆိုင်ရာ အထောက်အထားတွေကို ကိုးကားပြီး “ပါရှန်ပင်လယ်ကွေ့” ဆိုတဲ့ နာမည်ကသာ အမှန်ဖြစ်တယ်လို့ ဆိုပါတယ်။

 

ဆော်ဒီ၊ UAE နဲ့ အီရတ်စတဲ့ အာရပ်နိုင်ငံတွေကတော့ “အာရေဗီယန်ပင်လယ်ကွေ့” ဒါမှမဟုတ် “ပင်လယ်ကွေ့” လို့သာ သုံးနှုန်းကြပါတယ်။

၂၀၂၃ ခုနှစ်မှာ အီရန်အစိုးရက အီရတ်သံအမတ်ကြီးကို ဆင့်ခေါ်ပြီး အီရတ်မှာ ကျင်းပတဲ့ “အာရေဗီယန် ပင်လယ်ကွေ့ဖလား” (Arabian Gulf Cup) လို့ အမည်ပေးထားတဲ့ ဘောလုံးပြိုင်ပွဲကို ကန့်ကွက်ကြောင်း ပြောဆိုခဲ့ပါတယ်။

 

၂၀၁၂ ခုနှစ်တုန်းကလည်း အီရန်က ဂူဂဲလ် (Google) ကုမ္ပဏီကို သူတို့ရဲ့ အွန်လိုင်းမြေပုံဝန်ဆောင်မှု (Google Map) မှာ ပင်လယ်ကွေ့ကို နာမည်ရေးသား ဖော်ပြထားခြင်းမရှိတဲ့အတွက် တရားစွဲမယ်လို့ ခြိမ်းခြောက်ဖူးပါတယ်။

 

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘက်စ်အာရပ်ချီ (Abbas Araghchi)က အမေရိကန်ရဲ့ နာမည်ပြောင်းဖို့ လှုံဆော်မှုတွေကို “အီရန်နဲ့ အီရန်ပြည်သူတွေကို ရန်လိုတဲ့ ရည်ရွယ်ချက်ရှိတဲ့ အထောက်အထား” လို့ ပြင်းထန်စွာဝေဖန်ပြီး အမေရိကန်ကို သတိပေးခဲ့ပါတယ်။

“အခုလို ဘက်လိုက်တဲ့ လုပ်ရပ်တွေဟာ အီရန်နိုင်ငံသား အားလုံးကို စော်ကားခြင်းဖြစ်တယ်”လို့လည်း ၎င်းက လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။

 

ထရမ့်ဟာ သူသမ္မတအဖြစ် တာဝန်ပြန်လည်ရယူပြီးမကြာခင် ဇန်နဝါရီလထဲမှာပဲ “မက္ကဆီကို ပင်လယ်ကွေ့” (Gulf of Mexico) ကို “အမေရိကန် ပင်လယ်ကွေ့” (Gulf of America) အဖြစ် အမည်ပြောင်းလဲတဲ့ အမိန့်အာဏာတစ်ရပ်ကိုလည်း လက်မှတ်ထိုးခဲ့ပါသေးတယ်။

 

ဓာတ်ပုံ- Mark Schiefelbein/AP Photo

 

ပုံစာ- အိမ်ဖြူတော်က ဘဲဥပုံရုံးခန်းမှာ စကားပြောနေတဲ့ ထရမ့်ကို မေလ ၆ ရက်နေ့က တွေ့မြင်ရစဉ်

 

ကိုးကား- Al Jazeera