ဆင်ဒေါစစ်ဆင်ရေး စတင်ပြီးတဲ့နောက် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီရဲ့ နိုင်ငံခြားခရီးစဉ်တွေ ရွှေ့ဆိုင်း

Author CJ Platform
Categories
Published on May 07, 2025

အိန္ဒိယနိုင်ငံဟာ ဆင်ဒေါစစ်ဆင်ရေးနဲ့ ဒီကနေ့ မေလ ၇ ရက်နေ့ မနက်ပိုင်းမှာ ပါကစ္စတန်နိုင်ငံနဲ့ ပါကစ္စတန် ထိန်းချုပ်ထားရာ ကက်ရှ်မီးယားကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းမှာ ဝန်ကြီးချုပ်မိုဒီရဲ့ နိုင်ငံခြား ခရီးစဉ်တွေကို ရွှေ့ဆိုင်းလိုက်တယ်လို့ အကြီးတန်း အစိုးရ အရာရှိတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး CNN သတင်းဌာနက ဖော်ပြပါတယ်။

 

အိန္ဒိယ ဝန်ကြီးချုပ်ဟာ သူ့ရဲ့ ခရိုအေးရှား၊ နယ်သာလန်နဲ့ နော်ဝေ နိုင်ငံတို့ကို သွားရောက်မယ့် ခရီးစဉ်တွေကို ရွှေ့ဆိုင်းလိုက်တာ ဖြစ်ပြီး ခရီးစဉ်ဘာကြောင့်‌ ရွှေ့ဆိုင်းလိုက်သလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေ ကိုတော့ တရားဝင်ထုတ်ပြန် ပြောဆိုတာမျိုး မရှိပါဘူး။

 

ဒါပေမဲ့ ပါကစ္စတန်ဘက်ကို အိန္ဒိယဘက်က တိုက်ခိုက်ပြီး နာရီပိုင်း အကြာမှာပဲ ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ရွှေ့ဆိုင်းမှုသတင်း ပေါ်ထွက်လာတာကြောင့် ဆင်ဒေါစစ်ဆင်ရေးနဲ့ ဆက်စပ်နေတယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

 

လက်ရှိမှာလည်း မိုဒီဟာ လုံခြုံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့အစည်းအဝေး တစ်ရပ်ပြုလုပ်နေတယ်လို့လည်း အယ်ဂျာဇီးရား သတင်းဌာနက ဖော်ပြပါတယ်။

 

အိန္ဒိယအခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ Financial Express သတင်းဌာနကတော့ အရာရှိတွေရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး ဝန်ကြီးချုပ် မိုဒီဟာ ဆီဒေါစစ်ဆင်ရေးကို တညလုံး အနီးကပ် စောင့်ကြည့်ခဲ့ပြီး စစ်ဆင်ရေး အခြေအနေတွေကိုလည်း အချိန်နဲ့တပြေးညီ ပြန်လည်သုံးသပ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

 

အိန္ဒိယနိုင်ငံဟာ သူတို့ ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသထဲကို ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့တုန်းက ပါကစ္စတန် အခြေစိုက် အကြမ်းဖက်သမားတချို့က နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး တိုက်ခိုက်ခဲ့တာကြောင့် လူ ၂၆ ဦးကျော် သေဆုံးခဲ့တဲ့ ကိစ္စကို လက်တုံ့ပြန်တဲ့ အနေနဲ့ အကြမ်းဖက်သမားတွေ နေထိုင်ရာ နေရာ ၉ ခုကို ဒီကနေ့ မနက် အစောပိုင်းမှာ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အိန္ဒိယစစ်တပ်က တရားဝင် သတင်းထုတ်ပြန်ပါတယ်။

 

အိန္ဒိယရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အနည်းဆုံး အရပ်သား ၂၆ ဦး သေဆုံးပြီး ၄၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ပါကစ္စတန်ဘက်က ပြောပါတယ်။ ပါကစ္စတန်ဘက်ကလည်း လက်တုံ့ပြန်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အရပ်သား ၁၀ ဦးသေဆုံးပြီး ၄၈ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း အိန္ဒိယ အာဏာပိုင်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

 

ကိုးကား- Al Jazeera, Financial Time, Reuters, CNN

 

ဓာတ်ပုံ – PTI

 

Related News

Depend on news