ရေနံ့သာရဲကင်းစခန်းကို PDF တွေ ဝင်တိုက် သုံ့ပန်းတစ်ဦးဖမ်းမိပြီး လက်နက်တွေသိမ်းဆည်းရမိ

မကွေးတိုင်း သရက်ခရိုင် ကံမမြို့နယ် သရက်-ကံမ-ပြည် ကားလမ်းနဘေးမှာ ရှိတဲ့ ရေနံ့သာကျေးရွာ ရဲကင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဧပြီ ၂၅ရက်နေ့ မနက် ၅နာရီမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ သုံ့ပန်းတစ်ဦး ဖမ်းဆီးရမိပြီး လက်နက်အများအပြားကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။
ကပစ(၁၂)နဲ့ ၁၃မိုင်အကွာမှာရှိတဲ့ ရေနံ့သာရဲကင်းစခန်းကို တော်လှန်ရေးအင်အားစုတွေက ဝင်ရောက် တိုက်ခိုက်ချိန်မှာ စခန်းမှူးဖြစ်သူ မြတ်သွင်အောင်က လက်နက်ချ အညံ့ခံမယ်လို့ ကမ်းလှမ်းခဲ့ပြီး ယာယီအပစ်ရပ်ထားချိန်မှာ လက်နက်တွေ ရယူပြီး ထွက်ပြေးသွားခဲ့ကြတယ်လို့ သိရပါတယ်။
တော်လှန်ရေးအင်အားစုတွေက ရဲစခန်းအတွင်းကို ဝင်ရောက် ရှင်းလင်းရာမှာတော့ ထွက်ပြေးနိုင်ခြင်း မရှိတဲ့ ရဲတပ်ကြပ်တစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး G3 (၁)လက်၊ G3ကျည်ဘောက် (၃)ခု ၊ ကျည်မျိုးဆုံ (၁၀၀၀) ကျော် ၊ ကား (၂) စီး ၊ ဆိုင်ကယ် (၄)စီးနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။
စခန်းသိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေတပ်မတော် ၊ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင် အမှတ် – ၄ တပ်ရင်းက တပ်ခွဲ (၁) နဲ့ တပ်ခွဲ (၂) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – သရက်ခရိုင် အမှတ်-၄တပ်ရင်း