ကော့ကရိတ် – ကျုံဒိုးက စစ်ရှောင်နေရာ ၆ခုမှာ ရိက္ခာ အခက်အခဲဖြစ်နေ

Author CJ Platform
Categories
Published on Apr 24, 2025

ကရင်ပြည်နယ်၊ ကော့ကရိတ် – ကျုံဒိုးလမ်းပိုင်းမှာ တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်နေရာ ၆ခုမှာ စစ်ရှောင်ပြည်သူတွေ ရိက္ခာအခက်ခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

 

ဧပြီလ ၁၄ရက်နေ့ ညပိုင်းကစပြီး ကျုံဒိုး – ကော့ကရိတ်လမ်းပိုင်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပြီး ဒေသခံအများအပြား စစ်ဘေး‌တိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။

ဒေသခံတွေဟာ စစ်ရေးအခြေအနေအရ အရေးပေါ် ပြောင်းရွှေ့လာရတာဖြစ်ပြီး ဘာမှပြင်ဆင်ချိန်မရလိုက်တဲ့အတွက် လက်ရှိမှာ ရိက္ခာအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာဖြစ်တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“အရေးပေါ်အတွက် ကြိုတင်ပြင်ဆင်ထားချိန်တောင် မရလိုက်တဲ့ အခြေအနေ၊ တစ်နိုင်တစ်ပိုင်တောင် ယူခွင့်မရလိုက်တဲ့ အခြေအနေတွေကြောင့် လက်ရှိရောက်နေတဲ့ နေရာတွေမှာ သောက်သုံးရေအစ ရိက္ခာခြောက် ချက်ပြုတ်စားသောက်ဖို့ လိုအပ်နေပါတယ်။ ပြင်ဆင်ထည့်ရှိလာတဲ့ ရိက္ခာတွေကလည်း စစ်ရေးကာလ ရက်ကြာမြင့်တာနဲ့အမျှ စစ်ရှောင်ကာလလည်း ကြာမြင့်တဲ့အတွက် မျှဝေသုံးစွဲရင်း ကုန်ဆုံးကုန်ကြပါပြီ”လို့ သူမက ဆိုပါတယ်။

 

သူမနေထိုင်တဲ့ အနီးဝန်းကျင်မှာဆိုရင် စစ်ရှောင်နေရာ ၆ခုရှိပြီး၊ ဧပြီလ ၂၄ရက်နေ့အထိ ကောက်ယူရရှိထားတဲ့စာရင်းတွေအရ အိမ်ထောင်စု ၁၀၀ ဝန်းကျင်၊ လူဦးရေ ၈၀၀ကျော်ရှိတယ်လို့ သိရပါတယ်။

 

အဲ့ဒီစစ်ရှောင်ပြည်သူတွေကို ကရင်အဖွဲ့အစည်းတစ်ဖွဲ့က ဆန်လာရောက်လှူဒါန်းပေးတာရှိပေမယ့် စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါးနဲ့ အမျိုးသမီးသုံး ပစ္စည်းတွေ လိုအပ်နေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

 

“သက်ကြီးရွယ်အို၊ ကလေးသူငယ်တွေ၊  ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊  နာမကျန်းသူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေပါတယ်”လို့လည်း  စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အမျိုးသမီးက ပြောပါတယ်။

 

လက်ရှိ အချိန်ထိ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ပြီး၊ စစ်ကောင်စီဘက်ကလည်း မနေ့ကအချိန်ထိ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေဆဲဖြစ်တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

 

“အခုကြမ်းနေတာက တောင်/မြောက်(ကော့ကရိတ်)၊ ကြာအင်း၊ လှတကော၊ ရေကျော်ကြီး၊ ရေကျော်လေး၊ ရေပူ၊ ကော့ဝါလဲ့ စတဲ့ ရွာတွေဘက်မှာ။ ရွာပျက်တာ ဆိုတာထက် အိုးအိမ်တွေ ပျက်တဲ့သဘောပေါ့။လောလောဆယ် လူတွေလည်း ရှောင်နေကြပြီး အိမ်တွေလည်း ပျက်တော့ ရွာပျက် သဘောလို ဖြစ်နေတာပေါ့”လို့လည်း ဒေသခံ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ကော့ကရိတ်မြို့ တောင်ဘက်၊ မြောက်ဘက်နဲ့ အနောက်ဘက်ကျေးရွာတွေမှာ စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် လူထိခိုက်သေဆုံးတာတွေ ရှိခဲ့ပေမယ့်၊ လူထိခိုက်သေဆုံးမှု စာရင်းအရေအတွက် အသေးစိတ်အခြေအနေတွေကို မသိရသေးသလို သက်ဆိုင်ရာ ဒေသတွင်းအဖွဲ့အစည်းတွေဘက်ကလည်း ဒီကနေ့ ဧပြီလ ၂၄ရက်နေ့အထိ တစ်စုံတစ်ရာ ထုတ်ပြန်လာတာမျိုး မတွေ့ရသေးပါဘူး။

 

မနေ့ ဧပြီ ၂၄ရက် ညပိုင်းမှာလည်း စစ်ကောင်စီဟာ ကော့ကရိတ်မြို့နယ်၊ ဝင်းကရွာကို လေကြောင်း‌ကနေ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသေးတယ်။ အဲဒီတိုက်ခိုက်မှုမှာ လူထိခိုက်သေဆုံးမှု ရှိ၊ မရှိဆိုတာကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

 

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြု ကွန်ရက် – KPSNရဲ့ ဧပြီလ ၂၂ရက်နေ့ထုတ်ပြန်ချက်အရ  ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်း တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူ ၅၀၀၀၀လောက်ဟာ လူသားချင်းစာ‌နာထောက်ထားမှုအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။

 

ဓာတ်ပုံ – ပေးပို့