ရုရှားရဲ့ စစ်ရေးပြချီတက်ပွဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါ တပ်ဖွဲ့တစ်ခုအနေနဲ့ ချီတက်စစ်ရေးပြမယ်

ရုရှားနိုင်ငံ မော်စကိုမြို့ ရင်ပြင်နီမှာ လာမယ့် မေလ ၉ ရက်နေ့မှာ ကျင်းပမယ့် စစ်ရေးပြအခန်းအနားမှာ မြန်မာကိုယ်စားပြု စစ်ရေးပြအဖွဲ့အဖြစ် သွားရောက်ချီတက် စစ်ရေးပြဖို့ မနေ့က နေ့လယ်ပိုင်းမှာ ထွက်သွားခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ရုရှားနိုင်ငံရဲ့ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားမှာ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါ ပါဝင်မှာဖြစ်ပြီး ဗိုလ်မှူးချုပ်မျိုးဆက်အောင်ဦးဆောင်တဲ့ စစ်ရေးပြတပ်ဖွဲ့က မန္တလေးမြို့၊ တံတားဦးလေဆိပ်ကနေ ရုရှားနိုင်ငံကို ထွက်ခွာသွားခဲ့ပြီလို့ သိရပါတယ်။
ရုရှားသံအမတ် နေပြည်တော်ကို ပြီးခဲ့တဲ့မတ်လတုန်းက ရောက်ရှိခဲ့ချိန်မှာ ဖိတ်ကြားခဲ့တာဖြစ်ပြီး စစ်ခေါင်းဆောင်ပါ ပါဝင်တက်ရောက်ဖို့ သမ္မတပူတင်ကဖိတ်ကြားခဲ့တာပဲဖြစ်ပါတယ်။
ရုရှားနိုင်ငံကိုသွားရောက်တဲ့ စစ်ရေးပြအဖွဲ့ကို စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကိုထိုက်နဲ့ တာဝန်ရှိသူတွေ တံတားဦးလေဆိပ်မှာ ပို့ဆောင်နှုတ်ဆက်ခဲ့တာ ဖြစ်တယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်ထဲပါရှိပါတယ်။
ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ဖိတ်ကြားထားပေမဲ့ စစ်ခေါင်းဆောင်က အဲဒီအခမ်းအနားကို သွားရောက်မလားဆိုတာကိုတော့ မသိရှိရသေးပါဘူး။
စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီက ရုရှားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာခဲ့သလို နှစ်ဖက်ပူးတွဲ စစ်ဆင်ရေးတွေလည်း ပြုလုပ်လာခဲ့ပါတယ်။
နျူကလီးယားစွမ်းအင်ဆိုင်ရာကိစ္စရပ်တွေအပြင် စီးပွားရေးဆိုင်ရာ လုပ်ငန်းတွေကို ပြီးခဲ့တဲ့ မတ်လက စစ်ခေါင်းဆောင် သွားရောက်ခဲ့တဲ့ ရုရှားခရီးစဉ်အတွင်း နှစ်နိုင်ငံအကျိုးတူပူးပေါင်းဖို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဓာတ်ပုံ – pro-SAC