အာဆီယံအလှည့်ကျဥက္ကဌ မလေးရှားဝန်ကြီးချုပ်နဲ့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း နှင့် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ် တို့ ဒီကနေ့မနက်ပိုင်းမှာ Teleconference ကနေတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဆွေးနွေးပွဲအပြီးမှာ NUG ကထုတ်ပြန်လာပါတယ်။
အဲဒီတွေ့ဆုံမှုမှာ အာဆီယံ ဥက္ကဋ္ဌ အပါအဝင် အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်နိုင်ဖို့နဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီတွေ ထိရောက်စွာ ပေးပို့ ဖြန့်ဝေနိုင်ရေး စတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိနေတဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်ဟာ ဧပြီလ ၁၇ ရက် မနေ့က အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့တဲ့အပြင် ဒီကနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့တွေ့ဆုံမယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားခဲ့ပါတယ်။
မလေးရှားဝန်ကြီးချုပ်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်တွေ ကွင်းဆင်းဆေးရုံတစ်ခုဖွင့်လှစ်ဖို့နဲ့ နိုင်ငံကို ပုံမှန်အနေအထားရောက်ရှိဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။