ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ 96 Soldiers-PDF တပ်ဖွဲ့မှ ရဲဘော် ၁၀ ဦးကျဆုံး

Author CJ Platform
Categories
Published on Apr 10, 2025

ချင်းညီနောင်စစ်ဆင်ရေး (Operation CB)အဖြစ်နဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ချင်းညီနောင်နဲ့အတူ 96 Soldiers-PDF တပ်ဖွဲ့ဝင်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း တပ်ဖွဲ့ဝင် ၁၀ ဦးကျဆုံးခဲ့တယ်လို့ 96 Soldiers-PDF ရဲ့ဦးဆောင်သူ ကိုဇေယျာလွင်က သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးထားပါတယ်။

 

96 Soldiers-PDF အနေနဲ့ ဘိုးတော်နီတပ်ဖွဲ့နဲ့အတူ ချင်းညီနောင်စစ်ဆင်ရေးမှာ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျဆုံးသူများအပြင် ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ၂ ဦး ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

 

“ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်တွေနဲ့အတူပူးပေါင်းတိုက်ပွဲဝင်ခဲ့။ ကျွန်တော်တို့ 96 မှ တပ်ခွဲမှူး ရဲဘော် ၁၀ ကျဆုံးပြီး ရဲဘော် ၄ ဦးထိခိုက် ဒဏ်ရာရှိခဲ့ပါတယ်။ ၂ ဦးက ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ပါတယ်။” လို့ ကိုဇေယျာလွင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားထားတာပါ။

 

ချင်းပြည် ဖလမ်းမြို့ဟာ ချင်းပြည်ရဲ့ ဒုတိယမြောက်အကြီးဆုံးမြို့ဖြစ်ပြီး ချင်းပြည်မြောက်ပိုင်းအတွက် အဓိက အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်လို့ စစ်ရေးအရ အရေးပါတဲ့ မြို့ဖြစ်တယ်လို့ ချင်းညီနောင်ပြောခွင့်ရ ဆလိုင်းယောမာန်က ပြောပါတယ်။

 

ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့တွေက ၅ လကြာထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ခလရ ၂၆၈ တပ်စခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဧပြီလ ၉ ရက်နေ့မှာ စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် ချင်းညီနောင်အဖွဲ့က ကြေညာခဲ့ပါတယ်။

 

“တော်လှန်ရေးရဲဘော်တွေ တော်တော်များများကျဆုံးတာရှိပါတယ်။ စစ်ကောင်စီဘက်ကတော့ သေဆုံးတာ တစ်ရာကျော်တယ်။ ဖမ်းဆီးရမိတာ ၁၆၀ ဝန်းကျင်ရှိပါတယ်။ ထွက်ပြေးလွတ်မြောက်နေသူတွေကိုလည်း လိုက်လံရှင်းလင်းနေပါတယ်” လို့ ချင်းညီနောင်ပြောခွင့်ရ ဆလိုင်းယောမာန်က CJ Platform ကို မနေ့ကပြောထားပါတယ်။

 

ချင်းညီနောင်စစ်ဆင်ရေး(Operation CB) အဖြစ် ဖော်ဆောင်ခဲ့သော ဖလမ်းမြို့သိမ်း စစ်ဆင်ရေးအတွင်း အသက်ပေးသွားကြတဲ့ အာဇာနည်သူရဲကောင်းတွေ၊ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ကြတဲ့ ရဲဘော်တွေနဲ့ အောင်ပွဲရသည်အထိ ရွပ်ရွပ်ချွံချွံ ချီတက်တိုက်ပွဲဝင်ခဲ့ကြတဲ့ တပ်မှူး၊ တပ်သားတွေရဲ့ ရဲစွမ်းသတ္တိနှင့် ဇွဲလုံ့လ ရှိမှုတို့ကို လေးစားစွာ ဂုဏ်ပြုပါတယ်လို့ ချင်းညီနောင်က ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – ချင်းညီနောင်