ငလျင်ကြောင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ရုံးချုပ်က ဓာတ်ခွဲခန်းတွေပါ ပျက်စီး ဓာတ်ငွေ့ယိုစိမ့်မှုများ ဖြစ်ပွားခဲ့

နေပြည်တော်ရှိ စစ်ကောင်စီလက်အောက်ခံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ရုံးချုပ်မှ ဓာတ်ခွဲခန်းများ ပျက်စီးခဲ့ပြီး ဓာတ်ငွေ့ယိုစိမ့်မှုတွေနဲ့ ဓာတုပစ္စည်းအချို့ ဓာတ်ပြုပျက်စီးမှုတွေပါ ကြုံတွေ့ခဲ့ရတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်လာချက်အရ သိရပါတယ်။
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၁၈၆နှစ်အတွင်း အဆိုးဝါးဆုံး ကြုံတွေ့ခဲ့ရတဲ့ မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်အတွင်း နေပြည်တော်က စစ်ရုံးတွေ၊ ဝန်ထမ်းတွေအိမ်ယာတွေအပြင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ရုံးချုပ်ပါ ပျက်စီးခဲ့ရတာဖြစ်ပါတယ်။
ရုံးချုပ်အတွင်းရှိ ဓာတ်ခွဲခန်းတွေအတွင်း ငလျင်ဒဏ်ကြောင့် မီးလောင်လွယ်တဲ့ ဓာတ်ငွေ့တွေယိုစိမ့်ခဲ့ရသလို ဓာတုပစ္စည်းအချို့ ပျက်စီးခဲ့ပြီး မီးသတ်တပ်ဖွဲ့က ကျင်းတူမြှုပ်နှံခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီက ထုတ်ပြန်လာတဲ့ သတင်းဓာတ်ပုံအရ ဓာတုပစ္စည်းတွေကို ကျင်းတူးမြှုပ်နှံရာမှာ လုံခြုံသော ထုတ်ပိုးမှုတွေ မလုပ်ဆောင်ဘဲ မြေကြီးအတွင်း ကျင်းတူးကာ မြှုပ်နှံထားတာကို စစ်ဆေးတွေ့ရှိရပြီး၊ မြေကျင်းအနီးမှာလည်း မြေအောက်ရေထုတ်ယူ အသုံးပြုနေတဲ့ အဝိစီစက်ရေတွင်း ရှိနေတာကို တွေ့ရှိရပါတယ်။
ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဝန်ထမ်းအိမ်ယာအများစုဟာ ပြိုကျပျက်စီးသွားတာကြောင့် Non CDM ဝန်ထမ်းတွေဟာ နေပြည်တော် ဓနသိဒ္ဓိဘောလုံးကွင်းနဲ့ အထက (၇) ကျောင်းရှေ့မြေကွက်လပ်မှာ ယာယီရွက်ဖျင်တဲတွေ ထိုးပြီး နေထိုင်နေရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – pro-SAC