စစ်ကောင်စီတပ်က ရွှေလှံရွာကို ဝင်ရောက်စီးနင်းထားပြီး ဒေသခံများအား ဖမ်းဆီးနှိပ်စက်နေ

Author ခေတ်နီ
Categories
Published on Oct 21, 2022

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာတွင် ရဟတ်ယာဥ်ဖြင့် လူချကာ စစ်အင်အားဖြည့်ပြီး ထွက်လာသော စစ်ကောင်စီစစ်ကြောင်းသည် ရွှေလှံရွာကို ဝင်ရောက်စီးနင်းနေပြီး ရွာသားများကို ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ရက်နေ့တွင် ရင်ပေါင်တိုင်ရွာကို လေကြောင်းဖြင့်ပစ်ခတ်ပြီး လူချကာ စစ်အင်အားဖြည့်တင်းပြီး ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့တွင် ရွှေလှံရွာအားရောက်ရှိကာ ရွာကိုစီးနင်းထားပြီး ရွာသားများကို ဘုန်းကြီးကျောင်းအတွင်း ဖမ်းဆီးထားကြောင်း သိရသည်။

အဆိုပါ စီးနင်းမှုအတွင်းမှာ ရွာသားတချို့လဲ ပစ်ခတ်ခံရပြီး သေဆုံးကြောင်း သတင်းများထွက်ပေါ်နေပေမယ့် သီခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

“သူတို့ မနေ့ညနေက ရောက်တယ် ရွှေလှံက ရင်ပေါင်တိုင်ကနေဆို အရမ်းမကြာဘူးသွားရတာ ကြားမှာလဲ ဝင်ဖျက်ဆီးတာတွေရှိတယ် ရွာရောက်ရောက်ချင်းအကုန်ဖမ်းပြီး အနောက်ကျောင်းထဲထည့်ထားတာ”ဟု ဒေသခံတစ်ဦးကဆိုသည်။

ယင်း စစ်ကောင်စီစစ်ကြောင်းသည် ရင်ပေါင်တိုင်ရွာကိုလဲ လေကြောင်းပစ်ကူဖြင့် တိုက်ခိုက်ခဲ့သည့် စစ်ကြောင်းဖြစ်ပြီး တိုက်ခိုက်မှုအတွင်း ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကိုလဲ သတ်ဖြတ်ခဲ့ပါသေးသည်။