ရွေးကောက်ပွဲကို ဒီနှစ်ကုန်ဒါမှမဟုတ် လာမယ့်နှစ်မှာကျင်းပမှာဖြစ်တယ်လို့ စစ်ခေါင်းဆောင်ပြော

Author CJ Platform
Categories
Published on Mar 08, 2025

အာဏာစစ်သိမ်းခေါင်းဆောင် မင်းအောင်လှိုင်က အခုနှစ်ကုန်ပိုင်းဖြစ်တဲ့ ဒီဇင်ဘာလ ဒါမှမဟုတ် လာမယ့်နှစ်အစပိုင်းဖြစ်တဲ့ ဇန်နဝါရီလမှာ ရွေးကောက်ပွဲကို အစောဆုံးကျင်းပသွားမယ်လို့ မတ်လ ၇ ရက်နေ့ ဘယ်လာရုဇ်ခရီးစဉ်အတွင်း ပြောကြားလိုက်ပါတယ်။

 

ဒါဟာအာဏာသိမ်းပြီး ရွေးကောက်ပွဲပြုလုပ်မယ်လို့ ပြောလာတဲ့ စစ်ခေါင်းဆောင်ရဲ့ ဒုတိယအကြိမ်မြောက် ရွေးကောက်ပွဲ အချိန်ကို ထုတ်ပြောလာတာဖြစ်ပြီး အာဏာသိမ်းကာလ အစောပိုင်းတုန်းကလည်း ၂၀၂၃ သြဂုတ်လမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ပြောခဲ့ပေမဲ့ ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့ပါဘူး။

 

“ကျွန်တော်တို့ဟာ ရွေးကောက်ပွဲကို ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(သို့မဟုတ်)၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာ အစောဆုံးကျင်းပ သွားဖို့စီစဉ်ထားကြောင်းပြောလိုပါတယ်။ ရွေးကောက်ပွဲ ဝင်ဖို့အတွက်လည်း ပါတီပေါင်း ၅၃ ခုက စာရင်းပေးသွင်းထားပြီးဖြစ်ပါတယ်”လို့  မြန်မာ- ဘယ်လာရုဇ် နှစ်နိုင်ငံ တွေ့ဆုံပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ စစ်ခေါင်းဆောင်က ပြောသွားခဲ့တာပါ။

 

ဒါ့အပြင် ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီး ဘယ်လာရုဇ်နိုင်ငံရဲ့ လေ့လာရေးအဖွဲ့တွေကိုလည်း လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ခဲ့တဲ့အပြင် ဘယ်လာရုဇ်သမ္မတကိုလည်း မြန်မာနိုင်ငံဆီလာဖို့ ဖိတ်ခေါ်ခဲ့ပါသေးတယ်။

 

ဘယ်လာရုဇ် သမ္မတ အလက်ဇန်းဒါး လူကာရှန်ကို ကလည်း အခုလိုဖိတ်ကြားတဲ့အတွက် ကျေးဇူးတင်တယ်လို့ဆိုထားပြီး မြန်မာနိုင်ငံကို လာရောက်မယ့်အပြင် ရွေးကောက်ပွဲ စောင့်ကြည့်သူတွေကို လွှတ်ပေးမယ်လို့ ဆိုပါတယ်။

 

 

စစ်ခေါင်ဆောင်အနေနဲ့ ကောင်းမယ်ထင်တဲ့ အရာတွေကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ဖို့ကို အကြံပြုတယ်လို့လည်း ဘယ်လာရုဇ် သမ္မတကဆိုထားပြီး ဒါတွေအတွက် ပိတ်ဆို့မှုတွေဖြစ်နိုင်လို့ ပိတ်ဆို့မှုတွေကို အခွင့်အလမ်းကောင်းလို့ သတ်မှတ်ကာ နှစ်နိုင်ငံ ပိုပြီးစည်းလုံးရမယ်လို့ ဆိုထားပါတယ်။

 

စစ်ခေါင်းဆောင်ဟာ ဘယ်လာရုဇ် သမ္မတနဲ့ တွေ့ဆုံပွဲအတွင်း ရင်းနှီးမြှုပ်နှံမှုကိစ္စတွေ၊ စိုက်ပျိုးရေး၊ လယ်ယာသုံး စက်ကိရိယာထုတ်လုပ်တာတွေ နို့ထွက်ပစ္စည်းတွေ ထုတ်လုပ်ဖို့၊ စက်မှုကုန်ကြမ်း သီးနှံ စိုက်ပျိုးထုတ်လုပ်ရေးတွေမှာ ပူးပေါင်းဖို့၊ နှစ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ စီးပွားရေး တိုးမြှင့်ဖို့တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

 

မိုင်ပေါင်း ၁၃၀၀ ကျော်လောက်ရှည်တဲ့ ပင်လယ်ကမ်းရိုး တန်းတစ်လျှောက်မှာ အဓိကကျတဲ့ ရေနက်ဆိပ်ကမ်းတွေ ရှိတယ်လို့ စစ်ခေါင်းဆောင်ကပြောဆိုခဲ့ပြီး အထူးသဖြင့် ထားဝယ်၊ သီလဝါနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း သုံးခုတို့ မှာ ရင်းနှီးမြှပ်နှံဖို့အတွက် အခွင့်အလမ်းကောင်းတွေရှိတယ်လို့ ဖိတ်ခေါ်ခဲ့ပါသေးတယ်။

 

လက်ရှိမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းရှိရာ ကျောက်ဖြူမြို့ကိုတော့ အာရက္ခတပ်တော် AA ကသိမ်းပိုက်နိုင်ဖို့အတွက် ထိုးစစ်တွေစတင်နေပြီဖြစ်သလို AA ရဲ့ ဝန်းရံပိတ်ဆို့ထားခြင်းကိုလည်း ခံထားရပါတယ်။

 

စစ်ခေါင်းဆောင်ဟာ ရုရှာနိုင်ငံကို မတ်လ ၃ ရက်နေ့က ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံခဲ့တဲ့အပြင် ဘယ်လာရုဇ်နိုင်ငံကို မတ်လ ၆ ရက်နေ့မှာသွားရောက်ခဲ့ပြီး သမ္မတ အလက်ဇန်းဒါး လူကာရှန်ကို နဲ့တွေ့ဆုံခဲ့တာပဲဖြစ်ပါတယ်။

 

ဓာတ်ပုံ – pro-SAC