တောင်ကိုရီးယားမှာ တိုက်လေယာဉ်တစ်စင်းက လူနေရပ်ကွက်ပေါ် မတော်တဆ ဗုံးကြဲချမိတာ‌ကြောင့် လူ ခုနစ်ဦး ဒဏ်ရာရ

Author CJ Platform
Categories
Published on Mar 06, 2025

တောင်ကိုရီးယားလေတပ်ရဲ့ တိုက်လေယာဉ်တစ်စင်းဟာ ဒီကနေ့ မတ်လ ၆ ရက်နေ့မှာ ပြုလုပ်နေတဲ့ စစ်ရေးလေ့ကျင့်မှု တစ်ခုအတွင်း ပြည်သူတွေနေထိုင်ရာ ရပ်ကွက်ပေါ်ကို ဗုံးရှစ်လုံး မတော်တဆ ကြဲချမိတာကြောင့် လူခုနစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

လေတပ်ရဲ့ ထုတ်ပြန်ချက်မှာ KF-16 တိုက်လေယာဉ်က MK-82 ဗုံးတွေကို ပုံမှန်အတိုင်းမဟုတ်ဘဲ ကြဲချမိတာကြောင့် စစ်ရေးလေ့ကျင့်မှုလုပ်နေတဲ့ နယ်မြေအပြင်ဘက်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူပိုင် ပစ္စည်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုထားပေမဲ့ ထိခိုက်ပျက်စီးမှုပမာဏကိုတော့ အတိအကျ ဖော်ပြထားခြင်းမရှိပါဘူး။

 

မတော်တဆမှု ဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့နဲ့ ပြည်သူပိုင်ပစ္စည်းတွေ ထိခိုက်ပျက်စီးမှု ပမာဏကို ဆန်းစစ်ဖို့အတွက် ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းသွားမှာဖြစ်တယ်လို့ လေတပ်က ဆိုပါတယ်။ ဗုံးကြဲချမိတဲ့ တိုက်လေယာဉ်ဟာ လေတပ်နဲ့ ကြည်းတပ်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်နေတဲ့ လေယာဉ်ဖြစ်တယ်လို့လည်း လေတပ်ဘက်က အတည်ပြုပြောဆိုပါတယ်။

 

မတော်တဆမှုကြောင့် ထိခိုက်ပျက်စီးခဲ့တာတွေအတွက်လည်း လေတပ်ဘက်က တောင်းပန်ခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူတွေကိုလည်း အမြန်ဆုံး သက်သာပျောက်ကင်းဖို့ မျှော်လင့်တယ်လို့လည်း ပြောဆိုပါတယ်။ ဒါ့ပြင် လေတပ်အနေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို လိုအပ်တဲ့ လျော်ကြေးတွေ ပေးအပ်ဖို့နဲ့ အခြားလိုအပ်တာတွေကိုလည်း အပြည့်အဝဆောင်ရွက်ပေးသွားမယ်လို့ ပြောဆိုပါတယ်။

 

လေတပ်ရဲ့ ထုတ်ပြန်ချက်မှာ မတော်တဆမှု ဖြစ်ပွားခဲ့တဲ့ နေရာကို ဖော်ပြထားခြင်းမရှိပေမဲ့ တောင်ကိုရီးယား အခြေစိုက်သတင်းဌာနတွေကတော့ မြောက်ကိုရီးယားနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ပိုချွန်းမြို့မှာ ဖြစ်ပွားခဲ့တာလို့ ဖော်ပြကြပါတယ်။

 

တောင်ကိုရီးယားသတင်းဌာနတစ်ခုဖြစ်တဲ့ ယွန်ဟပ်သတင်းဌာနက မတော်တဆမှုကြောင့် ပြည်သူငါးဦးနဲ့ တပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဖော်ပြပြီး ဒဏ်ရာရသူနှစ်ဦးနဲ့ အခြေအနေက ပြင်းထန်ပေမဲ့ အသက်အန္တရာယ်တော့မရှိဘူးလို့ ဆိုပါတယ်။ ဒါ့ပြင် မတော်တဆမှုကြောင့် အဆောက်အဦ ခုနစ်လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ယွန်ဟပ်သတင်းဌာက ဆက်လက်ဖော်ပြပါတယ်။

 

ဓာတ်ပုံ- Reuters

 

ပုံစာ- ဗုံးပေါက်ကွဲပြီးနောက် အခင်းဖြစ်ပွားရာနေရာတွင် ကယ်ဆယ်ရေးဝန်ထမ်းများကိုတွေ့မြင်ရစဉ်

 

ကိုးကား – AP News