စစ်ပွဲကြားက သတင်းသမား (သို့) RIP AKZ

AKZ ။ ။ မင်းသူရေ စစ်တပ်က တောင်ကုတ်တက္ကသိုလ်နားမှာ ဗုံးထောင်ထားတယ် အမြန်ဆုံး သတင်းတင်ပေးပါ။
ကျနော် ။ ။ အစ်ကို အပြင်ဖုန်းနဲ့ ဆက်နေတာပဲ ဘေအရမ်းကုန်မယ် ဝိုင်ဖိုင်ရမှ ခေါ်လိုက်ပါလား။
AKZ ။ ။ ဘေကုန်တာ အရေးမကြီးဘူး ပြည်သူတွေ ထိကုန်မယ်။ ငါသတင်းကို အမြန်ခေါ်ပေးမယ် လိုက်မှတ်ပြီး အမြန်တင်ပေးကွာ။
ဒီစကားတွေဟာ လွန်ခဲ့တဲ့ ၅လကျော်က တောင်ကုတ်မြို့ တစ်နေရာကနေ ထိုင်းနိုင်ငံတစ်နေရာကို ဖုန်းနဲ့ ဆက်သွယ်ပြီး သတင်းပေးပို့လာခဲ့တဲ့ သတင်းစကားတစ်ခုပါပဲ။
အာရက္ခတပ်တော် AAက တောင်ကုတ်မြို့ကို မသိမ်းပိုက်နိုင်မီ လပိုင်းအလိုမှာ စစ်ကောင်စီတပ်တွေရဲ့ ပြည်သူတွေအပေါ် ဖိနှိပ်မှုတွေ ပြည်သူတွေရဲ့ ခက်ခဲတဲ့ ဘဝတွေအကြောင်းတွေကို အမြဲတမ်း သတင်းပေးပို့ခဲ့တဲ့ ပြည်သူပြည်သား သတင်းသမားတစ်ဦးဟာ တောင်ကုတ်မြို့မှာ ရှိနေပါတယ်။
ပဋိပက္ခကာလအကြားမှာ ငါက သတင်းထောက်ကွလို့ အသိပေးပြီး သတင်းရယူ တင်ဆက်နိုင်ဖို့ ခက်ခဲချိန်မှာ AKZ လို ပြည်သူပြည်သား သတင်းသမားတွေဟာ မြေပြင်သတင်းမှန်ရရှိရေး အသံမဲ့ပြည်သူတွေရဲ့ အသံတွေကို ဖော်ထုတ်နိုင်ရေးအတွက် အဓိက အားကိုးရသူတွေပါပဲ။
မနက်ခင်းဆိုတာနဲ့ မြို့တစ်ပတ်ပတ် ပြည်သူတွေဘာတွေ ကြုံတွေ့နေရလဲ စုံစမ်းမေးမြန်း သတင်းတွေ ပေးပို့နဲ့ သူရောက်ရှိရာ ဒေသအတွက် အကျိုးပြုခဲ့ချင်သူ။
တိုက်ပွဲ ပြင်းထန်လာချိန်မှာ ဒေသကနေ အမြန်ထွက်ခွာဖို့ သတိပေးခဲ့ပေမဲ့ သူချစ်တဲ့ ခွေးလေးနှစ်ကောင်ကို ထားခဲ့ရမှာကို စိတ်မဖြောင့်သူ။
“ပြေးမယ်ဆိုရင် ကားစင်းလုံးငှါးရမှာ အရမ်းစျေးကြီးတယ်၊ မပြေးနိုင်ဘူး၊ နိုနိုနဲ့ ဒိုဒိုကိုလည်း မထားခဲ့နိုင်ဘူး”လို့ အမြဲပြောတတ်ပြီး သတင်းတွေကို အဆက်မပြတ်ပို့ခဲ့သူပါပဲ။
တောင်ကုတ်မြို့ ရေကြီးလို့ ကူရာမဲ့နေချိန် အချိန်မီ သတင်းတွေ တင်ဆက်နိုင်ဖို့။ စစ်ကောင်စီရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေ ပြည်သူတွေကို ဘေးသင့်စေမဲ့အရာဆိုလည်း အရင်ဆုံး သတင်းပေးပို့သူ ပြည်သူပြည်သား သတင်းသမားဟာ AKZ ပါပဲ။
ကျနော်နဲ့ နောက်ဆုံး အဆက်သွယ်ရခဲ့တာကတော့ တောင်ကုတ်မြို့ကို အာရက္ခတပ်တော်က မသိမ်းပိုက်ခင် ရက်ပိုင်းအလိုပါ။ မြို့သိမ်းတိုက်ပွဲအပြီးမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သူတို့ စစ်ဘေးတိမ်းရှောင်ရတာကို သိရပေမဲ့ အဆက်သွယ် ပြတ်တောက်ခဲ့ရပါတယ်။
နောက်ဆုံးရရှိခဲ့တဲ့ သတင်းဟာတော့ သူစစ်ဘေးရှောင်ရင်း ဆုံးပါးသွားခဲ့ပါပြီတဲ့။ အဆုတ်မှာ ရောဂါအနည်းငယ်ရှိပေမဲ့ သူအသက်ဆုံးပါးလောက်တဲ့အထိ ပြင်းထန်တဲ့ ရောဂါတစ်ခုတော့ မဟုတ်ပါဘူး။ အဓိက ဆေးဝါးမရရှိတာပါ။
ဖေဖေါ်ဝါရီ ၁၉ရက်နေ့မှာ သူဟာ သူချစ်တဲ့ မိသားစု၊ သူချစ်တဲ့ နိုင်ငံ၊ သူချစ်တဲ့ နိုနိုနဲ့ဒိုဒိုကို ထားရစ်ခဲ့ပြီး ထွက်ခွာသွားခဲ့ပါပြီ။ ပြည်သူတွေ ဒေသတွင်းမှာ ဆေးဝါးဝယ်မရလို့ အခက်အခဲကြုံတွေ့နေရသူအတွက် သတင်းပေးပို့ခဲ့သူ ပြည်သူပြည်သား သတင်းသမား Citizen Journalist တစ်ဦးဟာ စစ်ဘေးတိမ်းရှောင်ရင်း ဆေးဝါးမလုံလောက်မှုကြောင့် ဆုံးပါးသွားခဲ့ပါပြီ။
ကျနော်တို့ သတင်းသမားတွေဟာ မြေပြင်မှာ ကွင်းဆင်း သတင်းရဖို့ မစွမ်းဆောင်နိုင်တော့တဲ့ အချိန်မှာ ပြည်သူပြည်သား သတင်းသမား Citizen Journalist တွေကြောင့်သာ သတင်းမှန်တွေ ရရှိနေခဲ့တာဖြစ်ပါတယ်။ မြေပြင်က သတင်းမှန်တွေစီးဆင်းစေဖို့ဆိုတာ သူတို့အပေါ်မှာပဲ အဓိက မူတည်နေခဲ့ပါတယ်။
မည်သည့် အကျိုးမြတ်ကိုမှ မမျှော်၊ မည်သည့် နာမည်ကြီးမှု၊ ထင်ပေါ်လိုမှုမှမရှိ ပြည်သူ့ဘက်ကရပ်တည်တဲ့ ပြည်သူပြည်သား သတင်းသမား Citizen Journalist တစ်ဦး ထွက်ခွာသွားမှုအပေါ် ကျနော် ဒီ စာစုနဲ့ပဲ ဂုဏ်ပြုဖော်ပြအပ်ပါတယ်။
မှတ်ချက် ။ ။ ကျန်ရစ်သူ မိသားစုဝင်များ လုံခြုံရေးအတွက် သတင်းဓာတ်ပုံကို သိသာထင်ရှားစေရန် ထည့်သွင်း အသုံးမပြုထားခြင်း ဖြစ်ပါသည်။