CDF- မတူပီ တပ်မဟာ ၂ ထိန်းချုပ်ရာနယ်မြေက လမ်းတွေ ပြန်ဖွင့်

Author CJ Platform
Categories
Published on Feb 21, 2025

ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့-မတူပီ ( တပ်မဟာ ၂ ) Chinland Defense Force – Matupi ထိမ်းချုပ်နယ်မြေတွေက ပိတ်ထားတဲ့ လမ်းတွေကို မနေ့ ဖေဖော်ဝါရီ ၂၀ ရက် Camp Bungtla မှာ ကျင်းပတဲ့ (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားမှာ ပြန်ဖွင့်ပေးလိုက်ပြီဖြစ်တယ်လို့  CDF- Matupi ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

 

အကန့်အသတ်မရှိ ပိတ်ပင်ထားခဲ့တဲ့ ကြေညာချက်ကို ရုပ်သိမ်းပြီး မတူပီ-ဟားခါးလမ်း၊ မတူပီ-လိုင်လဲန်ပီလမ်းနဲ့ မတူပီ-ပလက်ဝလမ်းတို့ကို ပြည်သူတွေ လွတ်လပ်စွာ ပြန်လည် သွားလာနိုင်ပြီ ဖြစ်တယ်လို့ ဆိုထားပါတယ်။

 

မတူပီမြို့က စစ်ကောင်စီရဲ့ တပ်စခန်းတွေကို သိမ်းယူနိုင်ဖို့ CAN/CDFs တွေ စစ်မျက်နှာတိုးမြှင့် ဖွင့်လှစ်ထားတာကြောင့် အဲဒီလမ်းတွေကို အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ၊ ၂၀ ရက်နေ့က CDF- Matupi က ကြေညာထားခဲ့တာပါ။

 

CDF- Matupi ( တပ်မဟာ ၁ ) နဲ့ ( တပ်မဟာ ၂) တို့အကြား ဖြစ်ပွားနေတဲ့ အချင်းချင်းပွတ်တိုက်မှုတွေကြောင့် ပြည်သူတွေ ကိုယ့်မြို့ ကိုယ့်အိမ်ကို လွတ်လပ်စွာ သွားလာခြင်းနဲ့ နေထိုင်နိုင်ခြင်း မရှိတာကို များစွာ စိတ်မကောင်းဖြစ်မိတာကြောင့် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားမှာပဲ အဲဒီကြေညာချက် အမိန့်ကို ပြန်ရုတ်သိမ်းခဲ့တာလို့ နားလည်ရပါတယ်။

 

CDF- Matupi ( တပ်မဟာ ၂ ) အနေနဲ့ ချင်းတစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးကို ဦးတည်ပြီး ချင်းလူမျိုး အချင်းချင်းကြား မည်သည့်ပြသနာမျိုးကိုမဆို လက်နက်နဲ့ဖြေရှင်းခြင်းကို ရှောင်ရှားပြီး ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာခြင်းကိုသာ ဦးစားပေးဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲ ပါရှိပါတယ်။

 

မတူလူမျိုးများ၊ ပြည်သူများ မတူပီမြို့ကို ဝင်ထွက်သွားလာဖို့ ပိတ်ပင်တာကို လုံးဝရှုတ်ချတယ်လို့ ဆိုထားပြီး မတူပီမြို့ဟာ လူမျိုးတစ်မျိုး၊ လူစုတစ်စု မှ ပိုင်ဆိုင်သောမြို့ မဟုတ်ကြောင်း ထပ်မံ အသိပေး ထုတ်ပြန်တယ်လို့ ပါရှိပါတယ်။

 

တပ်မဟာ ၂ နယ်မြေမှာ နေထိုင်ကြတဲ့ ကျေးရွာတစ်ချို့ကို တပ်မဟာ ၁ က လက်နက်နဲ့ ဝင်ရောက်ကာ စစ်ရေးလှုပ်ရှားခြင်းတွေရှိနေတာကြောင့် အဲဒီလိုလုပ်ရပ်တွေကို ရှောင်ရှားပေးဖို့ ကိုလည်း တပ်မဟာ ၂ က ပြောဆိုထားပါတယ်။

 

မတူပီမြို့နယ်မှာ ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့-မတူပီ ( တပ်မဟာ ၁ ) နဲ့ ( တပ်မဟာ ၂) ရှိပြီး တပ်မဟာ – ၁ က ချင်းညီနောင်( CB ) တပ်ဖွဲ့ဝင်ဖြစ်ပြီး တပ်မဟာ – ၂ က ချင်းလဲန်းကောင်စီ ( CC ) တပ်ဖွဲ့ဝင်ဖြစ်ပါတယ်။

 

မတူပီမြို့ ကို ချင်းညီနောင် ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လ အတွင်း သိမ်းပိုက်ခဲ့တာဖြစ်ပြီး CDF- Matupi ( တပ်မဟာ ၁ ) ကထိန်းချုပ်ထားပါတယ်။

 

ဓာတ်ပုံ – CDF- Matupi တပ်မဟာ-၂