ကျားဖြန့်စင်တာကနေ လွတ်မြောက်လာတဲ့ တရုတ်နိုင်ငံသားတွေထဲက ပတမတစ်သုတ် ထိုင်းကနေတဆင့် နေရပ်ပြန်

Author အဂ္ဂ
Categories
Published on Feb 20, 2025

မြန်မာနိုင်ငံအခြေစိုက် ငွေကြေးလိမ်လည်တဲ့ ကျားဖြန့်စင်တာတွေကနေ လွတ်မြောက်လာတဲ့ တရုတ်နိုင်ငံသားတွေထဲက ပထမအသုတ် အယောက် ၅၀ ဟာ ဒီကနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ မနက်ပိုင်းမှာပဲ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကနေတဆင့် တရုတ်နိုင်ငံကို ပြန်ကြပြီဖြစ်တယ်လို့ ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

နောက်ထပ် တရုတ်နိုင်ငံသား ၁၅၀ ကိုလည်း ဒီကနေ့ မကုန်ခင်မှာပဲ တရုတ်နိုင်ငံကို ပြန်ပို့နိုင်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

 

ပထမအသုတ်ဖြစ်တဲ့ တရုတ်နိုင်ငံသား အယောက် ၅၀ ကို မြန်မာနိုင်ငံ မြဝတီမြို့ကနေ လက်နက်ကိုင် အ‌စောင့်ရှောက်တွေနဲ့အတူ ဘတ်စ်ကားနှစ်စီးနဲ့ ပို့ဆောင်ပေးခဲ့တာဖြစ်ပြီး ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂) ပေါ်မှာ ကရင်နယ်ခြားစောင့်တပ် (BGF) ဆီကနေ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့နဲ့ စစ်သားတွေက အဲဒီတရုတ်နိုင်ငံသားတွေကို ဒီကနေ့ မနက် ကိုးနာရီဝန်းကျင်မှာ လွှဲပြောင်းလက်ခံခဲ့တယ်လို့ သိရပါတယ်။

 

တရုတ်နိုင်ငံသားနှစ်ဦးကို ထိုင်းစစ်သားတစ်ဦးကျ စောင့်ကြပ်ပြီး အမှတ် (၂) မဲဆောက်စစ်ဆေးရေးဂိတ်ကို ခေါ်ဆောင်ခဲ့ပြီးနောက်မှာ  မဲဆောက်လေဆိပ်မှာရှိတဲ့ တရုတ်အစိုးရဘက်ကစီစဉ်ထားတဲ့ ပထမဆုံး နေရပ်ပြန်လေယာဉ်ဆီ ပို့ဆောင်နိုင်ဖို့အတွက်  တရုတ်နိုင်ငံသားတွေကို တရုတ်အာဏာပိုင်တွေဆီကို ထပ်ပြီး လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

 

နယ်စပ်စစ်ဆေးရေးဂိတ်တွေမှာ သတင်းထောက်တွေကို သတင်းယူခွင့် ပိတ်ပင်ထားပြီး တရုတ်နိုင်ငံသား ပထမအသုတ်ကို တင်ဆောင်ထားတဲ့ လေယာဉ်ဟာ ဒီကနေ့ ထိုင်းနိုင်ငံစံတော်ချိန် ၁၁ နာရီ ၃၀ (မြန်မာစံတော်ချိန် ၁၁ နာရီ) မှာ လေဆိပ်ကနေ ထွက်ခွာသွားတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။ တရုတ်အစိုးရဟာ ဒီကနေ့မှာ တရုတ်နိုင်ငံသား ၅၀ နဲ့ တရုတ်လုံခြုံရေးအရာရှိတွေ လိုက်ပါမဲ့ လေယာဉ်လေးစင်းကို စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

 

တရုတ်အစိုးရဟာ မဲဆောက်ကနေတဆင့် တရုတ်နိုင်ငံသား ၆၀၀ ကို‌ နေရပ်ပြန်ခေါ်နိုင်ဖို့ အတွက်  China Southern လေကြောင်းလိုင်းကလေယာဉ်တွေကို စီစဉ်ပေးခဲ့ပြီး ဒီကနေ့ ကြာသပတေးနေ့ကနေ စနေနေ့အထိ မဲဆောက်ကနေ လေယာဉ်ပျံသန်းမှု ၁၆ ကြိမ် ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

 

ဒါ့ပြင် အခြားနိုင်ငံတွေကလည်း သူတို့နိုင်ငံသားတွေကို ပြန်ခေါ်နိုင်ဖို့ အတွက်လည်း အလားတူ လုပ်ဆောင်လာနိုင်တယ်လို့လည်း ဆိုပါတယ်။

 

ဒီလ အစောပိုင်းမှာ မြဝတီအခြေစိုက် ကျားဖြန့်စင်တာတွေကို နှိမ်နင်းဖို့ တရုတ်အစိုးရဘက်က ပြင်းပြင်းထန်ထန် ဖိအားပေးခဲ့သလို ထိုင်းဘက်ကလည်း အဲဒီဒေသတွေကို ပေးထားတဲ့ လျှပ်စစ်ဓာတ်အား၊ လောင်စာဆီနဲ့ အင်တာနက်တွေကို ဖြတ်တောက်ပစ်လိုက်ပြီးနောက်ပိုင်းမှာ ကျားဖြန့်စင်တာတွေကနေ လူပေါင်း ထောင်နဲ့ချီ လွတ်မြောက်လာခဲ့ပြီး အဲဒီထဲမှာ တရုတ်နိုင်ငံသား အများအပြား ပါဝင်ခဲ့ပါတယ်။

 

နိုင်ငံခြားသား အများအပြားကို အလုပ်လုပ်ခိုင်းနေတဲ့ ကျားဖြန့်စင်တာတွေကို လက်နက်ကိုင် ရာဇဝတ်ဂိုဏ်းတွေက ထိန်းချုပ်ထားသလို ဦးဆောင်သူ အများစုကလည်း တရုတ်နိုင်ငံသားတွေ ဖြစ်ကြပါတယ်။  အလုပ်စေခိုင်းခံရတဲ့ ထိခိုက်နစ်နာသူတွေကတော့ သူတို့တွေဟာ လူကုန်ကူးခံရပြီးနောက် အင်တာနက်ပေါ်ကနေ ကမ္ဘာတဝန်းမှာရှိတဲ့ သူတွေကို လိမ်လည်ဖို့ အတင်းအဓမ္မစေခိုင်းခံရတာဖြစ်တယ်လို့ ဆိုကြပါတယ်။

 

မြန်မာစစ်တပ်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ BGF ကတော့ သူတို့ထိန်းချုပ်ထားတဲ့ ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာရှိနေတဲ့ ကျားဖြန့်စင်တာတည်ရှိရာနေရာတွေကနေ လူပေါင်း ၁၀,၀၀၀ ကျော်ကို မောင်းထုတ်ဖို့ ပြင်ဆင်နေတယ်လို ပြောဆိုထားပါတယ်။

 

နေရပ်ပြန်ကြမယ့် တရုတ်နိုင်ငံသားတွေနဲ့အတူ တရုတ်နိုင်ငံရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်း လေယာဉ်ပေါ်မှာ အတူတူလိုက်ပါနိုင်ပြီး နေရပ်ပြန်မယ့်သူတွေ တရုတ်နိုင်ငံ ပြန်ရောက်ပြီးရင် ဘာဆက်ဖြစ်မလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ ရှင်းရှင်းလင်းလင်း သိရခြင်းတော့ မရှိသေးပါဘူး။ နေရပ်ပြန်သူတွေထဲမှာ ကျားဖြန့်စင်တာတွေမှာ စိတ်လိုလက်ရ အလုပ်လုပ်ကိုင်ခဲ့သူ ဘယ်လောက်ပါသလဲဆိုတာနဲ့ လူကုန်ကူးခံရသူ ဘယ်လောက်ပါလဲ ဆိုတာကိုလည်း သေချာမသိရှိရသေးပါဘူး။

 

ပြီးခဲ့တဲ့ ရက်တွေအတွင်းမှာ တရုတ်နိုင်ငံပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီး လျုံကျုံးရီ ထိုင်းနိုင်ငံကို လာရောက်ခဲ့ပြီး ထိုင်းနဲ့ မြန်မာ အာဏာပိုင်တွေပူးပေါင်းပြီး ကျားဖြန့်စင်တာတွေကို နှိမ်နင်းဖို့နဲ့ တရုတ်နိုင်ငံသားတွေကို နေရပ်ပြန်ပို့ဖို့ ဆွေးနွေးပြောဆိုမှုတွေ လုပ်ခဲ့ပြီး နောက်မှာ အခုလိုမျိုး တရုတ်နိုင်ငံသားတွေ ပထမဆုံးအသုတ်အဖြစ် နေရပ်ပြန်ပို့တဲ့ ကိစ္စပေါ်လာတာလည်း ဖြစ်ပါတယ်။

 

ဓာတ်ပုံ- Assawin Pinitwong

 

ပုံစာ- တရုတ်နိုင်ငံသားတွေကိုနေရပ်ပြန်ပို့ဖို့ တရုတ်အစိုးရစီစဉ်ထားတဲ့ China Southern လေကြောင်းလိုင်းကလေယာဉ်ကို မဲဆောက်လေဆိပ်မှာ တွေ့မြင်ရစဉ်

 

ကိုးကား- Bangkok Post