ညောင်ရွှေတိုက်ပွဲအတွင်း PNO ပြည့်သူစစ် ၄ ဦးကို ဖမ်းမိ

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ် ၊ ရေပူကျေးရွာအနီး တိုက်ပွဲအတွင်း PNO ပြည်သူ့စစ်ဖက်လေးဦးကို ဖမ်းမိထားပြီး စစ်သုံ့ပန်းမူဝါဒနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အင်းလေး ပြည်သူ့ကာကွယ်ရေးတပ် ( IPDF ) ရဲ့တာ၀န်ရှိသူတစ်ဦးကဒီကနေ့ (ဖေဖော်၀ါရီ ၁၈) မှာပြောပါတယ်။
အင်အား တစ်ရာကျော်ပါတဲ့ PNO တပ်ရင်း -၁ နဲ့ တပ်ရင်း-၇ တို့ပူးပေါင်းအဖွဲ့တွေဟာ ဖေဖေါ်ဝါရီ ၁၆ရက်နေ့ မွန်းလွဲ ၂ နာရီခွဲဝန်းကျင်ခန့်က ရေပူကျေးရွာအနီး ထိုးစစ်ဆင်လာချိန်မှာ IPDF အမှတ် ၁၀၀၉တပ်ရင်းနဲ့ မဟာမိတ်တပ်တွေက ခုခံတိုက်ခိုက်ခဲ့ပြီး ဖမ်းဆီးရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“သူတို့လေးယောက်လုံးက PNOတွေ။ လက်ရှိက ပူးပေါင်းအဖွဲ့အနေနဲ့ စောင့်ရှောက်ထားပါတယ်။ ကျွန်တော်တို့ရဲ့ သုံ့ပန်းမူဝါဒနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာပါ” လို့ အင်းလေး ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တပ်ရေးတာ၀န်ခံက ပြောပါတယ်။
အဲဒီတိုက်ပွဲတွင်းမှာ PNO ပြည်သူ့စစ် ငါးဦးထက်မနည်း သေဆုံးပြီး လေးဦးအရှင်ဖမ်းမိခဲ့သလို သေနတ် ငါးလက် ၊ ကျည်ဘောက်ကိုးခုနဲ့ ကျည်အချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ယမန်နေ့ ( ဖေဖော်၀ါရီ ၁၇ ) ရက်နေ့မှာ IPDF က ထုတ်ပြန်ပါတယ်။
“ကျဆုံးတဲ့ PNOအဖွဲ့မှာက ရွာသားတွေကို အနိုင်ကျင့်နေတဲ့ လွယ်ကျိုင်းရွာက ဗိုလ်စိုင်းဘီးလည်းပါတယ်။ဗိုလ်စိုင်းဘီးက ရေပူ ၊လွယ်ကျိုင်းတစ်ကြော လူငယ်တွေ စစ်သင်တန်းတက်ဖို့ လိုက်စုပေးတယ်။ရွာသားတွေပေါ်လည်း ပိုက်ဆံ ခဏခဏကောက်တယ်။ ခုတော့ အဲတိုက်ပွဲမှာပါ ကျဆုံးပြီ”လို့ လွယ်ကျိုင်းရွာခံတဦးကပြောပါတယ်။
ဗိုင်စိုင်းဘီးဟာ လူငယ်တွေကို စစ်သင်တန်းတက်ရောက်ဖို့ စုဆောင်းမှုတွေ ဆက်တိုက် လုပ်ဆောင်နေသူဖြစ်ပြီး တိုက်ပွဲတွင်း သေဆုံးခြင်းရှိမရှိကိုတော့ အတည်ပြုနေဆဲဖြစ်တယ်လို့ IPDF ဆီက သိရပါတယ်။
အထက်ပါ တိုက်ပွဲအတွင်းနဲ့ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာ ရေပူကျေးရွာကို စစ်ကောင်စီက လေကြောင်းက ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာရှိ နေအိမ်ငါးလုံးနဲ့ စာသင်ဆောင်တစ်ဆောင် ပျက်ဆီးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဓာတ်ပုံ – အင်းလေး ပြည်သူ့ကာကွယ်ရေးတပ် ( IPDF )
ပုံစာ- ညောင်ရွှေမြို့နယ် တိုက်ပွဲတွင်း ဖမ်းမိသော PNO စစ်သုံ့ပန်း လေးဦးနဲ့ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းအချို့ကိုတွေ့ရစဥ်