မြဝတီ အမှတ်(၁) တံတားမှာ ထိုင်းဘက်က စက်သုံးဆီသယ်ယူပါက သိမ်းဆည်းနေ မြဝတီမြို့နယ်အတွင်း စက်သုံးဆီစတင် ပြတ်တောက်လာ
ကရင်ပြည်နယ်၊ မြဝတီမြို့ အပါအဝင် ထိုင်း-မြန်မာ နယ်စပ်တလျောက် ထိုင်းနိုင်ငံဘက်က ပေးနေတဲ့ လျှပ် စစ်မီးလိုင်းနဲ့ စက််သုံးဆီ ဖြတ်တောက်ပြီးနောက် မြဝတီမြို့နယ်ထဲမှာ စက်သုံးဆီ စတင်ပြတ်လပ် လာတဲ့အပြင် ဒီကနေ့မှာ အမှတ်(၁) တံတား ထိုင်းဘက်ခြမ်းကနေ စက်သုံးဆီ သယ်ဆောင်လာတာကို တွေ့ရှိ့ပါက သိမ်းဆည်းနေတယ်လို့ မြဝတီမြို့ခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ထိုင်းရဲ့ လျှပ်စစ်ဓာတ်အားနဲ့ လောင်စာဆီတွေကို ကျားဖြန့်ဂိုဏ်းတွေရရှိနေတာမျိုး မဖြစ်အောင် တုံ့ပြန် တားဆီးရမယ်လို့ ထိုင်းဝန်ကြီးချုပ်က ညွှန်ကြားချက်ပေးခဲ့ပြီးတဲ့နောက်တစ်နေ့မှာပဲ စတင် ဖြတ်တောက်လိုက်တာပါ။
“ ဆီတွေပုံးနဲ့ဝယ်ပြီးသယ်လာတာ တံတားမှာ အကုန်သိမ်းတာ၊ ဝယ်လာတဲ့ ၅ လီတာပုံး ခြောက်ပုံး အသိမ်းခံလိုက်ရတယ်၊ မဲဆောက်ဘက်ကသိမ်းလိုက်တာ” လို့ မြဝတီမြို့ခံ အမျိုးသမီးတစ်ဦးက CJ Platform ကိုပြောပါတယ်။
ဒါ့အပြင် ဘုရားသုံးဆူဘက်မှာလည်း ထိုင်းဘက်ကလျှပ်စစ်မီးတွေပြတ်တောက်နေပြီး ဆိုလာ၊ မီးစက်နဲ့ လျှပ်စစ်မီး အသုံးပြုနေကြရတာကြောင့် စက်သုံးဆီဝယ်မရတာတွေ ရှိနေတယ်လို့ စုံစမ်း သိရှိရပါတယ်။
ဘုရားသုံးဆူမှာ ထိုင်းဆီကိုသာ အဓိကထားသုံးစွဲကြတယ်လို့ သိရပြီး ဒီကနေ့မှာတော့ စက်သုံးဆီ ဈေးနှုန်းတွေလည်း မြင့်တက်သွားသလို စက်သုံးဆီဆိုင်တချို့လည်း ပိတ်ထားတယ်လို့ အသက် ၂၆ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။
“ သုံးဆူမှာ ပိုက်ဆံရှိလည်းဝယ်လို့မရတော့ပါ။ ကားသမားတွေ၊ စီးပွားရေးသမားတွေ၊ အဖွဲ့အစည်းတွေ က မြို့မှာစောစောစီးစီး မြို့ပတ်ဝယ်ထားကြတယ်” လို့ သူက ပြောပါတယ်။
ဒါပေမဲ့ ဒါဟာအခိုက်အတန့်သာဖြစ်နိုင်ပြီး ဆီတွေကို မော်လမြိုင်ကနေလည်း ဝယ်ယူရနိုင်ပြီး လျှပ်စစ်မီးကတော့ ကြာရင်အခက်အခဲဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနှိမ်နှင်းဖို့ဆိုပြီး ထိုင်းနိုင်ငံက လျှပ်စစ်မီးနဲ့ စက်သုံးဆီတွေ ဖြတ်တောက်လိုက်ပြီးတဲ့နောက် ထိုင်းနယ်စပ် မြဝတီမြို့နယ်အတွင်းက ဒေသခံတွေ ဆိုလာပြားနဲ့မီးစက်တွေ ဝယ်ယူနေကြသလို စက်သုံးဆီတွေလည်း တန်းစီးဝယ်ယူနေကြ ရပါတယ်။
အဲဒီလို လျှပ်စစ်မီးနဲ့ စက်သုံးဆီတွေ ထိုင်းကဖြတ်တောက်လိုက်တာဟာ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်အပေါ် ထိရောက်မှုထက် ဒေသခံတွေအပေါ်မှာ အခက်အခဲတွေ့စေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဓာတ်ပုံ- The Repoters