အဓိကရုဏ်းနဲ့ ဆက်နွယ် ပြစ်ဒဏ်ကျခံနေရသူ ၁,၆၀၀ ဝန်းကျင်ကို ထရမ့်ပြန်လွှတ်
ဒေါ်နယ်ထရမ့်ဟာ သမ္မတရာထူးလက်ခံရယူပြီး နာရီပိုင်းအကြာမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်တုန်းက အမေရိကန်လွှတ်တော် အဆောက်အအုံမှာဖြစ်တဲ့ အဓိကရုဏ်းမှာ ပြစ်ဒဏ်ချခဲ့ထားရတဲ့သူ ၁,၆၀၀ ဝန်းကျင်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ထရမ့်က ဂျိုးဘိုင်ဒင်ကို ရှုံးနိမ့်ပြီးတဲ့နောက်မှာ ထရမ့်ကို ထောက်ခံသူတွေဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှာ အမေရိကန်ကာပီတယ်လ် အဆောက်အအုံကို ဝင်ရောက်စီးနင်းဖို့ ကြိုးပမ်းခဲ့ကြတာကြောင့် အများအပြား ဖမ်းဆီးခံကြရတာဖြစ်ပါတယ်။
စီးနင်းတိုက်ခိုက်မှုအတွင်းမှာ ရဲအရာရှိ ၁၄၀ ဝန်းကျင်ကို စီးနင်းသူတွေက သဲကြီးမဲကြီးတိုက်ခိုက်ခဲ့ကြပြီး ဓာတုပစ္စည်းတွေနဲ့ ပက်ဖျန်းတာ၊ တုတ်တွေ၊ ပိုက်တွေအပြင် အခြားအရာဝတ္ထုတွေနဲ့ ရိုက်နှက်တာတွေလည်း လုပ်ခဲ့ကြပါတယ်။
ရုန်းရင်းဆန်ခတ်မှုအတွင်း ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ထရမ့်ကိုထောက်ခံသူတစ်ဦးအပါအဝင် လူလေးဦး သေဆုံးခဲ့ပါတယ်။
ထရမ့်က သမ္မတရာထူးမယူခင်က ကြိုတင်ကတိပေးထားတဲ့အတိုင်း ရာထူးလက်ခံပြီးတာနဲ့ နာရီပိုင်းအတွင်းမှာပဲ သူ့ကိုထောက်ခံသူ ထောင်ချီကို အခုလိုမျိုး လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာဖြစ်ပါတယ်။
ထရမ့်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ထဲမှာ အမေရိကန်အစိုးရကို ဆန့်ကျင်မှု၊ အကြမ်းဖက်မှုတွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေကျခံနေရတဲ့ လက်ယာစွန်းရောက် Oath Keepers အဖွဲ့ခေါင်းဆောင်တွေနဲ့ Proud Boys စစ်သွေးကြွအဖွဲ့ခေါင်းဆောင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားမှာ ထရမ့်ဟာ အခြေအနေယိမ်းယိုင်နေတဲ့ နိုင်ငံကို ကယ်တင်ဖို့အတွက် ဘုရားသခင်က သူ့ကို ရွေးချယ်ထားတဲ့ ကယ်တင်ရှင်အဖြစ် ပုံဖော်ခဲ့ပါတယ်။
“အမေရိကကို ပြန်ပြီးကြီးမြတ်လာအောင် လုပ်ဆောင်ပေးဖို့အတွက် ကျွန်တော့်ကို ဘုရားသခင်က ကယ်တင်ပေးခဲ့တာပါ” လို့လည်း ထရမ့်က ပြောပါတယ်။
ထရမ့်ဟာ ရွေးကောက်ပွဲအကြိုကာလမှာ လုပ်ကြံခံရမှု နှစ်ကြိမ်ကြုံခဲ့ရပြီး အသက်ဘေးက လွတ်မြောက် ခဲ့တာကြောင့် အခုလိုမျိုး ပြောဆိုတာလည်း ဖြစ်ပါတယ်။
သမ္မတဖြစ်ဖြစ်ချင်း လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စအပြင် လူဝင်မှုကြီးကြပ်ရေးကို ထိန်းချုပ်ဖို့၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ လူမျိုးရေး၊ ကျားမကွဲပြားမှုဆိုင်ရာ လုပ်ဆောင်ချက်တွေကို ပြန်လည်ရုပ်သိမ်းဖို့ဆိုတဲ့ စီမံခန့်ခွဲရေး အမိန့်တွေကိုလည်း ထရမ့်က အတည်ပြုလက်မှတ်ထိုးခဲ့ပါတယ်။
မဲဆွယ်စည်းရုံးစဉ်က အဓိကထားပြောဆိုခဲ့တဲ့ အခွန်တိုးမြှင့်ကောက်ခံမဲ့ ကိစ္စကိုတော့ လတ်တလောမှာ ဆောင်ရွက်တာ မရှိသေးပေမဲ့ လာမဲ့ ဖေဖော်ဝါရီ တစ်ရက်နေ့မှာ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေကို အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်ကောက်ခံသွားမယ်လို့ သူက ဆိုပါတယ်။
ထရမ့်ဟာ အမေရိကန်ပြည်ထောင်စုသမိုင်းမှာ ၁၉ ရာစုနောက်ပိုင်း သက်တမ်းနှစ်ကြိမ်ဆက်မဟုတ်ဘဲ သမ္မတအဖြစ် နှစ်ကြိမ်ရွေးကောက်တင်မြှောက်ခံရတဲ့ ပထမဦးဆုံး သမ္မတဖြစ်သလို ရာဇဝတ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရပြီးနောက် သမ္မတအဖြစ်ရွေးကောက်ခံရတဲ့ ပထမဦးဆုံးသူလည်း ဖြစ်ပါတယ်။
ဒါ့ပြင် ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ အသက်အကြီးဆုံး သမ္မတလည်းဖြစ်သလို သူ့ရဲ့ပါတီ ရီပတ်ဘလီကန်ကလည်း ကွန်ဂရက်ရဲ့ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ခုစလုံးမှာလည်း အသာစီးရရှိထားပါတယ်။
ဓာတ်ပုံ – REUTERS/Mike Segar
ပုံစာ- စီမံခန့်ခွဲရေးအမိန့်တစ်ခုကို လက်မှတ်ထိုးပြီး ပြသနေတဲ့ ဒေါ်နယ်ထရမ့်ကို ယမန်နေ့ ဇန်နဝါရီ ၂၀ ရက်နေ့က တွေ့မြင်ရစဉ်
ကိုးကား – Reuters