အီလွန်မက်ခ်ရဲ့ အာကာသယာဉ်လွှတ်တင်ပြီး မိနစ်ပိုင်းအကြာမှာ ပေါက်ကွဲ

Author CJ Platform
Categories
Published on Jan 17, 2025

အီလွန်မက်ခ်ရဲ့ Space X  Starship ဒုံးပျံဟာ ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်ကနေ လွှတ်တင်ပြီး မိနစ်ပိုင်းအကြာမှာ ပေါက်ကွဲသွားခဲ့တယ်လို့ နိုင်ငံတကာသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

အဲဒီလို ပေါက်ကွဲခဲ့မှုကြောင့် လေကြောင်းလိုင်းတွေက လေယာဉ်တွေဟာ အပျက်အစီး အပိုင်းအစတွေ လာထိတာကို ရှောင်လွှဲနိုင်ဖို့အတွက် မက္ကဆီကို ပင်လယ်ကွေ့ကိုဖြတ်ပြီး  လမ်းကြောင်းပြောင်းကာ ပျံသန်းခဲ့ရတယ်လို့လည်း သိရပါတယ်။

 

 

Space X ရဲ့ ထိန်းချုပ်ရေးစင်တာဟာ အဆင့်မြှင့်တင်ထားတဲ့ Starship ဒုံးပျံအသစ်နဲ့ လွှတ်တင်ပြီး ရှစ်မိနစ်အကြာမှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့တာလို့လည်း ဆိုပါတယ်။

 

အဲဒီ ဒုံးပျံကို ယမန်နေ့က ဒေသစံတော်ချိန် ညနေ  ၅ နာရီ ၃၈ မိနစ်မှာ လွှတ်တင်ခဲ့တာဖြစ်ပြီး  တင်ဆောင်နိုင်တဲ့ ဂြိုဟ်တု ပမာဏအတိုင်း  နမူနာဂြိုဟ်တုတွေကို ပထမဆုံး အကြိမ်အဖြစ် စမ်းသပ်တင်ဆောင်ပျံသန်းခဲ့ပြီး လူလိုက်ပါတာတော့ မရှိဘူးလို့ သိရပါတယ်။

ရိုက်တာ သတင်းဌာနက ရိုက်ကူးနိုင်ခဲ့တဲ့ ရုပ်သံထဲမှာတော့ ဟေတီနိုင်ငံရဲ့မြို့တော် ပေါ့အော်ပရင့်ရဲ့ ကောင်းကင်ယံမှာ မီးခိုးတန်းတွေနဲ့ လိမ္မော်ရောင်မီးလုံးတွေကို ‌တွေ့မြင်ရပါတယ်။

 

“ကျွန်တော်တို့တွေ ဒုံးပျံယာဉ်နဲ့ အဆက်အသွယ်တွေ အားလုံးပြတ်တောက်သွားခဲ့ပါတယ်။ ဒါက အခြေခံအားဖြင့် ဒုံးပျံယာဉ်ရဲ့ အပေါ်ပိုင်းမှာ မူမမှန်တာ ရှိနေတယ်ဆိုတဲ့ သဘောပါပဲ” လို့ Space X ရဲ့ ဆက်သွယ်ရေးမန်နေဂျာ ဒန်ဟွတ်က  မိနစ်ပိုင်းအကြာမှာ ဒုံးပျံယာဉ် ‌ပျက်စီးဆုံးရှုံးသွားတာကို အတည်ပြုပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လထဲမှာလည်း Starship ဒုံးပျံယာဉ်အပေါ်ပိုင်းမှာ ချို့ယွင်းချက်ဖြစ်ကာ ကမ္ဘာ့လေထုကို ဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာထဲ ပြန်ကျခဲ့ဖူးပေမဲ့ အခုလိုမျိုး Space X ရဲ့ ဒုံးပျံယာဉ်အပျက်အစီးတွေကြောင့် လေကြောင်းသွားလာမှုကို ကျယ်ကျယ်ပြန့်ပြန့် အနှောင့်အယှက်ဖြစ်‌ခဲ့တာကတော့  ရှားရှားပါးပါး ဖြစ်စဉ်ဖြစ်တယ်လို့ သိရပါတယ်။

 

လေကြောင်းပျံသန်းမှု ခြေရာခံဝက်ဘ်ဆိုက်ဖြစ်တဲ့ FlightRadar24 ရဲ့ အချက်အလက်တွေအရ ဒါဇင်နဲ့ချီတဲ့ ခရီးသည်တင် လေယာဉ်တွေဟာ အခြားလေဆိပ်တွေဆီ လမ်းကြောင်းပြောင်းတာ ဒါမှမဟုတ် အပျက်အစီး အပိုင်းအစတွေကို ကြိုတင် ရှောင်လွှဲနိုင်ဖို့အတွက် လမ်းကြောင်းပြောင်းလဲ သတ်မှတ်တာတွေ လုပ်ဆောင်ခဲ့တာကို တွေ့မြင်ရပါတယ်။

 

ဒါ့ပြင် မီယာမီ၊ ဖော့တ်လော်ဒါဒေးလ်နဲ့ ဖလော်ရီတို့ က လေဆိပ်တွေကနေ ထွက်ခွာမဲ့ လေယာဉ်တွေဟာလည်း ၄၅ မိနစ်ဝန်းကျင် နောက်ကျခဲ့တာကိုလည်း အဆိုပါ ဝက်ဘ်ဆိုက်ကဖော်ပြပါတယ်။

 

ပုဂ္ဂလိက (အာကာသယာဉ်တွေ) လွှတ်တင်မှုကို ထိန်းညှိပေးတဲ့ ဖက်ဒရယ်လေကြောင်းလိုင်း ညွှန်ကြားရေး(FAA) အဖွဲ့ကလည်း အာကာသယာဉ် အပျက်အစီးတွေ ကျဆင်းနိုင်တဲ့ ဧရိယာတဝိုက်မှာ လေယာဉ်တွေ ခရီးဖင့်ပြီး လမ်းကြောင်းပြောင်းရတာ ရှိခဲ့ပေမဲ့ လက်ရှိမှာတော့  ပုံမှန်အတိုင်း ဆက်လက်ပျံသန်းနေပြီလို့ ဆိုပါတယ်။

 

FAA ဟာ ပုံမှန်အားဖြင့် အာကာသယာဉ်တွေ လွှတ်တင်တာနဲ့ ကမ္ဘာထဲ ပြန်လည်ဝင်ရောက်လာတာတွေအတွက် လေပိုင်နက်တွေကို ပိတ်ထားလေ့ရှိပေမဲ့ အာကာသယာဉ်တွေဟာ ပိတ်ထားတဲ့ လေပိုင်နက်ရဲ့ အပြင်ဘက်မှာ တစ်စုံတစ်ခု ချို့ယွင်းခဲ့ရင် “အပျက်အစီးအတွက် တုံ့ပြန်မှု ဧရိယာ” ကို ဖန်တီးသတ်မှတ်နိုင်ပြီး လေယာဉ်တွေကို အဲဒီလေပိုင်နက်ထဲ ဝင်ရောက်ပျံသန်းခွင့် ပိတ်ပင်နိုင်ပါတယ်။

 

Space X ရဲ့ အမှုဆောင်အရာရှိချုပ် အီလွန်မက်ခ်က သူ့ရဲ့ လူမှုကွန်ရက် X မှာ အပျက်အစီးတွေ ပြသထားတဲ့ ရုပ်သံတစ်ခုကို တင်ခဲ့ပြီး “အောင်မြင်မှုက မသေချာပေမဲ့ ဖျော်ဖြေမှုကိုတော့ အာမခံနိုင်ပါတယ်”လို့ ရေးသားပါတယ်။

 

Amazon တည်ထောင်သူ ဘီလီယံနာ ဂျက်ဖ်ဘီဇော့စ်ရဲ့ အာကာသကုမ္ပဏီ Blue Origin က သူတို့ရဲ့ New Glenn လို့ နာမည်ပေးထားတဲ့ ဒုံးပျံယာဉ်ကြီးကို အာကာသပတ်လမ်းထဲ ပထမဦးဆုံးအကြိမ်အဖြစ် အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့ပြီး နောက်တစ်ရက်မှာ မက်ခ်ရဲ့ Space X ဒုံးပျံယာဉ်က လွှတ်တင်ပြီး သိပ်မကြာခင် ပေါက်ကွဲခဲ့တာလည်း ဖြစ်ပါတယ်။

 

အခုတစ်ခေါက်လွှတ်တင်ခဲ့တဲ့ Starship ဒုံးပျံယာဉ်ရဲ့ အပေါ်ပိုင်းဟာ အရင်က ယာဉ်တွေထက် နှစ်မီတာ (၆ ဒသမ ၅၆ ပေ) ပိုမြင့်ပြီး “မျိုးဆက်သစ်အာကာသယာဉ်ဖြစ်ပြီး သိသာထင်ရှားတဲ့ အဆင့်မြှင့်တင်မှု ပြုလုပ်ထားတယ်” လို့ စမ်းသပ်ပစ်လွှတ်မှုမတိုင်ခင်မှာ Space X က ကြိုတင်ပြောထားပါတယ်။

 

အခုလို အဆင့်မြှင့်တင်ထားတာဟာ တက္ကဆက်ကနေ ပစ်လွှတ်ပြီး တစ်နာရီအကြာမှာ ထိန်းချုပ်နိုင်တဲ့ ပင်လယ်ပြင်တွင်းအာကာသယာဉ်ဆင်းသက်မှုကို အိန္ဒိယသမုဒ္ဒရာထဲ လုပ်ဆောင်ဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။

 

မက်ခ်ကတော့ ပျက်ကျမှုကို ကနဦး အကဲဖြတ်စစ်ဆေးမှုတွေအရ အတွင်းပိုင်းမှာ အောက်စီဂျင် အရည်လောင်စာယိုစိမ့်မှု ဖြစ်ပွားပြီး ဒုံပျံယာဉ်ကို ပေါက်ကွဲသွားစေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

FAA ဘက်ကလည်း ဒုံးပျံယာဉ်မတော်တဆမှုကို စုံစမ်းစစ်ဆေးမှုလုပ်ဆောင်လာနိုင်ပြီး ဒုံးပျံယာဉ်ရဲ့အပျက်အစီး အပိုင်းအစတွေဟာ ကြိုတင်သတ်မှတ်ထားတဲ့ အန္တရာယ်ဇုန်ထဲ အပြင်ဘက် ဒါမှမဟုတ် လူနေထူထပ်တဲ့ ဧရိယာတွေထဲ ကျရောက်တာ ရှိ မရှိ ဆိုတာတွေကိုလည်း စုံစမ်းစစ်ဆေးနိုင်ပါတယ်။

 

အီလွန်မက်ခ်ဟာ အခုနှစ်ထဲမှာ Starship ဒုံးပျံ ၁၂ စင်းအထိ လွှတ်တင်ဖို့ ရည်ရွယ်ထားပေမဲ့ သူ့ရဲ့ ရည်ရွယ်ချက်ဟာ Space X ဘက်က ပြုပြင်မှုတွေကို လျင်လျင်မြန်မြန် အကောင်အထည်ဖော်‌ ဆောင်ရွက်နိုင်စွမ်းနဲ့ FAA ဘက်က မတော်တဆမှုတွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်လာတာ ရှိမရှိ အပေါ် မူတည်နေပါတယ်။

 

လက်ရှိမှာ Starship ဒုံးပျံယာဉ်အစီအစဉ်အတွက် စိန်ခေါ်မှုတွေရှိနေပေမဲ့ မက်ခ်ကတော့ အကောင်းမြင်နေဆဲဖြစ်ပြီး စိန်ခေါ်မှုတွေ ဝေဖန်မှုတွေ ရင်ဆိုင်နေရပေမဲ့ စမ်းသပ်တီထွင်မှုတွေ ဆက်ပြီးပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

 

လာမယ့်လအတွင်းမှာလည်း နောက်ထပ် စမ်းသပ်ပစ်လွှတ်မှုကို လုပ်ဆောင်ဖို့ကြိုးစားနေပြီး Starship အစီစအစဉ်ဟာ အနာဂတ်မှာ အင်္ဂါဂြိုဟ်ကို လူသားတွေ စေလွှတ်မယ့် မက်ခ်ရဲ့ ရည်မှန်းချက်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

 

ဓာတ်ပုံ – REUTERS/Gabriel V. Cardenas

 

ပုံစာ – ယမန်နေ့က လွှတ်တင်ခဲ့တဲ့ Space X ရဲ့ Starship ဒုံးပျံယာဉ်ကို တက္ကဆက်ပြည်နယ် Brownsville အနီးက South Padre ကျွန်းကနေ‌ တွေ့မြင်ရစဉ်

 

ကိုးကား – Reuters