ဖမ်းဝရမ်းထုတ်ခံရပြီးတဲ့နောက် အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ တောင်ကိုရီးယားသမ္မတပြော

Author CJ Platform
Categories
Published on Jan 02, 2025

ရာထူးကနေဆိုင်းငံ့ခံထားရတဲ့ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ယိုလ်ဟာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့မှုကြောင့် အာဏာပိုင်တွေရဲ့ ဖမ်းဆီးဖို့ကြိုးပမ်းမှုတွေ ရင်ဆိုင်နေရချိန်မှာပဲ  သူ့အတွက် ဆန္ဒပြစုရုံး‌နေကြတဲ့ ထောက်ခံသူ‌တွေကို စာတစ်စောင်ပေးပို့ခဲ့ပြီး “အဆုံးထိ တိုက်ပွဲဝင်သွားမယ်” လို့ပြောခဲ့ကြောင်း ရှေ့နေ့တစ်ဦးက ဒီကနေ့ ဇန်နဝါရီ ၂ ရက်နေ့မှာ ပြောပါတယ်။

 

ယွန်ဟာ သူ့နေအိမ်အနီးမှာ စုရုံးနေကြတဲ့ ထောက်ခံသူရာပေါင်းများစွာဆီ လိပ်မူရေးသားခဲ့တဲ့စာကို  ယမန်နေ့ ဇန်နဝါရီ ၁ ရက်နေ့နှောင်းပိုင်းမှာ ပေးပို့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“YouTube ရဲ့ ထုတ်ရိုက်ထုတ်လွှင့်မှုမှာ ခင်ဗျားတို့တွေရဲ့ ကြိုးပမ်းမှုတွေအားလုံးကို ကျွန်တော်‌စောင့်ကြည့်နေပါတယ်”လို့  ယွန်က စာထဲမှာ ရေးသားပြောဆိုပါတယ်။

 

“ဒီနိုင်ငံကို ကာကွယ်နိုင်ဖို့အတွက် ခင်ဗျားတို့နဲ့အတူ ကျွန်တော် အဆုံးထိ တိုက်ပွဲဝင်သွားမှာပါ” လို့ ယွန်ကပြောဆိုခဲ့တာကိုလည်း ယွန်ရဲ့ အကြံပေးရှေ့နေ ဆွတ်ဒုန်ဟွန်က ရိုက်တာသတင်းဌာနကိုပေးပို့တဲ့ စာကို ဓာတ်ပုံရိုက်ကူးထားတဲ့ပုံထဲမှာ တွေ့ရပါတယ်။

 

ယွန်ကို သမ္မတရာထူးကနေ ဖြုတ်ချဖို့ဦးဆောင်ခဲ့ပြီး လွှတ်တော်မှာ အသာစီးရထားတဲ့ အဓိကအတိုက်အခံ ဒီမိုကရက်တစ်ပါတီကတော့ စာထဲကရေးသားချက်တွေအရ ယွန်ဟာ ထင်ယောင်ထင်မှား စိတ်ဝေဒနာခံစားနေတာကို တွေ့မြင်နိုင်ပြီး သူ့ရဲ့ ပုန်ကန်မှုကို အပြီးသတ်ဖို့ ကြိုးပမ်းနေဆဲဖြစ်တယ်လို့ ပြောဆိုပါတယ်။

 

“သူ (ယွန်) ပုန်ကန်ဖို့ ကြိုးပမ်းခဲ့တာက ခုထိမလုံလောက်သေးသလိုပဲ၊ အခုဆိုရင် သူ့ကိုထောက်ခံသူတွေကိုပါ အကြီးအကျယ်ဆန့်ကျင်မှုတွေပြုလုပ်ဖို့ လှုံဆော်နေပြန်ပြီ” လို့ ဒီမိုကရက်တစ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျိုဆောင်လေးက ထုတ်ပြန်ချက်တစ်ခုမှာ ရေးသားဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ နေ့မှာ တရားရုံးတစ်ရုံးက ယွန်ကို ဖမ်းဆီးဖို့ ဝရမ်းကို အတည်ပြုခဲ့ပြီး အမှန်တကယ် ဖမ်းဆီးခံခဲ့ရမယ်ဆိုရင် စစ်အုပ်ချုပ်ရေးကြေညာပြီး ပုန်ကန်ဖို့ကြိုးကိုင်ခဲ့မှုအတွက် စွပ်စွဲချက်နဲ့ စုံစမ်းစစ်ဆေးမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဖမ်းဆီးထိန်းသိမ်းခံရတဲ့  ပထမဦးဆုံး တာဝန်ထမ်းဆောင်ဆဲ သမ္မတဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

 

ပုန်ကန်မှုဟာ တောင်ကိုရီးယားသမ္မတတစ်ဦးအနေနဲ့ ကင်းလွတ်ခွင့်မရှိတဲ့ ရာဇဝတ်မှု အနည်းငယ်ထဲက တစ်မှုဖြစ်တယ်လို့လည်း သိရပါတယ်။

 

ရဲတပ်ဖွဲ့နဲ့ အစိုးရရှေ့နေတွေပါဝင်တဲ့ ပူးပေါင်းစုံစမ်းစစ်ဆေးရေးကို ဦးဆောင်နေတဲ့ အဆင့်မြင့်အရာရှိများအတွက် အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးရုံး (CIO) က  ဖမ်းဝရမ်းကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် ဇန်နဝါရီလ ၆ ရက်နေ့ မတိုင်ခင်အထိ အချိန်ရတယ်လို့ ဆိုပါတယ်။

 

လက်ရှိမှာတော့ ယွန်ကို ဘယ်နေ့မှာ ဘယ်လိုမျိုး ဖမ်းဆီးမလဲဆိုတာ သေချာမသိရှိရသေးဘဲ သမ္မတရဲ့ လုံခြုံရေးအဖွဲ့ကလည်း ယွန်ကို ဖမ်းဆီးဖို့ကြိုးပမ်းမှုတွေကို တားဆီးဖို့ လုပ်လာနိုင်ပါတယ်။

 

သမ္မတလုံခြုံရေးအဖွဲ့ဟာ ယွန်ရဲ့ ရုံးနဲ့ နေအိမ်တွေကို ရှာဖွေဝရမ်းနဲ့ လာတဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေကိုလည်း တားဆီးပိတ်ပင်ဖူးပါတယ်။

 

လွှတ်‌တော်က အတည်ပြုထားတဲ့ ယွန် အပေါ်စွပ်စွဲပြစ်တင်မှုကို ကြားနာမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးရဲ့ ဒုတိယအကြိမ် ကြားနာမှုဟာလည်း မနက်ဖြန် ဇန်နဝါရီ ၃ ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

 

ယွန်ကို ရာထူးကဆိုင်းငံ့ထားတဲ့အတွက် လက်ရှိမှာ ဘဏ္ဍာရေးဝန်ကြီး ချွိုင်ဆန်မော့က တရားရုံးရဲ့ ဆုံးဖြတ်ချက် ချမှတ်ပြီးတဲ့အထိ ယာယီသမ္မတအဖြစ် တာဝန်ယူထားတာလည်း ဖြစ်ပါတယ်။

 

အကယ်၍ တရားရုံးက လွှတ်တော်က အတည်ပြုထားတဲ့ အဆိုကို ထောက်ခံပြီး ယွန်ကို သမ္မတရာထူးက ဖြုတ်ချခဲ့မယ်ဆိုရင် သမ္မအသစ်ရွေးကောက်ပွဲကို ရက်ပေါင်း ၆၀ အတွင်း ကျင်းပပြုလုပ်ရမှာလည်း ဖြစ်ပါတယ်။

 

ယွန်ရဲ့ ရှေ့နေ ယွန်ကပ်ခွမ်ကတော့  ဖမ်းဝရမ်းဟာ တရားမဝင်ကြောင်းနဲ့ ယုတ္တိမရှိကြောင်းပြောဆိုခဲ့ပြီး   တောင်ကိုရီးယားဥပေဒေအရ CIO ဟာ အခုလိုမျိုး ဖမ်းဝရမ်းကို တောင်းဆိုပိုင်ခွင့်မရှိဘူးလို့ ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးနဲ့ မသက်ဆိုင်တဲ့ သီးခြားရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးအတွက် မေးခွန်းတွေမေးမြန်းဖို့ စုံစမ်းစစ်ဆေးရေးမှူးတွေရဲ့ ထပ်ခါတလဲလဲ ဆင့်ခေါ်မှုတွေကို ယွန်ဘက်က ပျက်ကွက်ခဲ့ပြီးနောက်မှာ ယွန်ရဲ့ ရုံးနဲ့ နေအိမ်ကို ရှာဖွေဖို့ ဝရမ်းနဲ့ ယွန်ကို ဖမ်းဆီးဖို့ ဖမ်းဝရမ်းတွေကို ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

 

ယွန်ကို စစ်အုပ်ချုပ်ရေးကြေညာဖို့ အကြံပေးခဲ့တဲ့တယ်လို့ ထွက်ဆိုထားတဲ့ ကာကွယ်ရေးဝန်ကြီးဟောင်းကိုလည်း ပုန်ကန်မှုနဲ့ တရားစွဲဆိုထားပြီး လာမယ့် ဇန်နဝါရီ ၁၆ ရက်နေ့မှာ ရုံးတင်စစ်ဆေးသွားမှာလည်း ဖြစ်ပါတယ်။

 

ဒါ့အပြင် ဆိုးလ်မြို့ရဲ့ ကာကွယ်ရေးအတွက်  တာဝန်ယူထားတဲ့ ကာကွယ်ရေးအကြီးတန်း အရာရှိတချို့ဟာလည်း ပုန်ကန်မှုမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ စွဲချက်တင်ခံထားရပါတယ်။

 

ဓာတ်ပုံ –  REUTERS/Kim Hong-Ji

 

ပုံစာ – ရာထူးက ဆိုင်းငံ့ခံထားရတဲ့ ယွန်ကို ထောက်ခံသူတွေ

 

သမ္မတနေအိမ်ရှေ့မှာ  စုရုံးဆန္ဒပြနေကြစဉ်