ဖားကန့်မြို့ ရဲတပ်ရင်းတွင် လူစစ်ဆေးရာမှ ရဲတပ်သား နှစ်ဦးပျောက်နေ၍ ဒုရဲမှူးကို စစ်ကောင်စီက စစ်ဆေး

Author ကိုပေါက်
Categories
Published on Oct 18, 2022

ဖားကန့်မြို့နယ် ရဲတပ်ရင်းတွင် လူတန်းစီရာမှ ရဲတပ်သားနှစ်ဦး ပျောက်နေ၍ ဒုရဲမှူးတစ်ဦးကို စစ်ကောင်စီက စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ရဲတပ်ရင်းနှင့် နီးစပ်သူများထံမှ သိရသည်။

ဖားကန့်မြို့၊ မရှီကထောင်တံတား အခြေပြုတွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား ဒုရဲမှူး ထင်လင်းကျော်မှ တန်းစီလူစစ်ဆေးရာ ရဲတပ်သားနှစ်ဦး ပျောက်ဆုံးနေသည်ကို သိခဲ့ရသည်ဟု အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက CJ Platform ကိုပြောသည်။

“အခု ၁၆ ရက်နေ့ ညနေပိုင်းက တန်းစီပြီး စစ်ဆေးတာ အဲ့အချိန်မရှိတော့တာ ကြားတာ လက်နက်ကိုင်အဖွဲ့က ဖမ်းသွားတယ်လို့ ကြားတယ်”ဟု ပြောသည်။

ဖမ်းဆီးခံရသည့်နှစ်ဦးမှာ ရဲတပ်သား ကောင်းမြတ် လှိုင်နှင့် ဥက္ကာမင်းလွင်တို့ဖြစ်ပြီး သတင်းအခြေအနေ မသိရသေးကြောင်း ရဲဝန်ထမ်းတစ်ဦးက CJ Platform ကိုပြောသည်။

“စျေးသွားဝယ်ရင်း အဖမ်းခံရတယ်လို့လည်းကြားတယ် တစ်ယောက်ပြန်လွှတ်လာတယ် တစ်ယောက်က မလွတ်သေးဘူးလို့လဲ ပြောတယ် သတင်းတွေကမျိုးစုံပဲ သေချာ မသိရသေးဘူး”ဟု ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒုရဲမှူးထင်လင်းကျော်မှာ စစ်ကောင်စီတပ်ကို ထုချေလွှာပေးနေရပြီး ဖမ်းဆီးခံရသည့် ရဲဘော်များကိစွနှင့် ဖြေရှင်းနေရသည်ဟု ရဲအသိုင်းအဝိုင်းက သိရသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့က ဖားကန့်မြို့နယ်အတွင်း ပိတ်ဆို့ရှာဖွေ စစ်ဆေးလျက်ရှိသည်ဟု မြို့ခံတွေဆီက သိရသည်။