ဂါဇာမှာ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သတင်းထောက်ငါးဦးအပါအဝင် လူ ၁၀ ဦး သေဆုံး

Author CJ Platform
Categories
Published on Dec 26, 2024

ဂါဇာဒေသကို ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့ မနက်အစောပိုင်းမှာ အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် သတင်းထောက် ငါးဦးအပါအဝင် လူဆယ်ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဂါဇာကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။

 

ဂါဇာစီးတီးက ဇိန်တိုအန်ရပ်ကွက်မှာရှိတဲ့ နေအိမ်တစ်လုံးဟာ အစ္စရေးတို့ရဲ့ လေကြောင်းပစ်ခတ်မှု ထိမှန်ခဲ့တာကြောင့် လူငါးဦးသေဆုံးပြီး ၂၀ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ဆိုပါတယ်။ အပျက်အစီးပုံအောက်မှာ လူတွေ ပိတ်မိနေတာလည်း ရှိတာကြောင့် သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့လည်း ဆိုပါတယ်။

 

နောက်ထပ် ဂါဇာအလယ်ပိုင်း နက်စီရတ်မြို့က အယ်လ်အော်ဒါဆေးရုံအနီးမှာ ဖြစ်ပွားခဲ့တဲ့ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သတင်းထောက်တွေရဲ့ ကားကို ထိမှန်ခဲ့တာကြောင့် ကားပေါ်ပါလာတဲ့ သတင်းထောက်ငါးဦးစလုံး သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။

သေဆုံးသွားတဲ့ သတင်းထောက်တွေဟာ Al-Quds Al-Youm ရုပ်မြင်သံကြားချန်နယ်မှာ အလုပ်လုပ်နေကြတဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။

 

ပါလက်စတိုင်း သတင်းဌာနနဲ့ ဒေသတွင်းသတင်းဌာနတွေကတော့ အဲဒီကားဟာ မီဒီယာဗင်ကားအဖြစ် သေချာဖော်ပြထားပြီး ဆေးရုံနဲ့ နက်စီရတ်ဒုက္ခသည်စခန်းတွင်းက သတင်းတွေ တင်ဆက်ဖို့ အသုံးပြုတာဖြစ်တယ်လို့ ဖော်ပြကြပါတယ်။

 

အစ္စရေးစစ်တပ်ကတော့ အစ္စလာမ်မစ်ဂျီဟတ်စစ်သွေးကြွ‌အဖွဲ့ဝင်တွေ အထဲမှာရှိနေတဲ့ ယာဉ်ကိုသာ လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့ ရက်တွေအတွင်းမှာ အစ္စရေးနဲ့ ဟားမက်စ်တို့အကြား အပစ်အခတ်ရပ်စဲဖို့ တိုးတက်မှုတွေ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ ယမန်နေ့ ဒီဇင်ဘာ ၂၅ ရက်နေ့မှာတော့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အပြီးသတ်ဆုံးဖြတ်နိုင်တာ မရှိဘဲ တစ်ဘက်နဲ့တစ်ဘက် အပြစ်တင်လွှဲချနေတာတွေသာ ရှိခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့ကနေ စတင်ခဲ့တဲ့ စစ်ပွဲမှာ အစ္စရေးစစ်တပ်ရဲ့ ဂါဇာဒေသကို ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းဒေသခံ ၄၅,၃၆၁ ဦး သေဆုံးခဲ့ရတယ်လို့ ဂါဇာကျန်းမာရေဝန်ကြီးဌာနက ယမန်နေ့က အသိပေးထားပါတယ်။

ဓာတ်ပုံ – REUTERS/Khamis Said

 

ပုံစာ- သတင်းထောက်တွေလိုက်ပါလာတဲ့ ဗင်ကား ‌ဒုံးကျည်ထိမှန်ပြီး  မီးလောင်ပျက်စီးနေတာကြောင့် မီးငြိမ်းသတ်နေစဉ်

 

ကိုးကား- Reuters

 

 

Related News

Depend on news