ခရစ္စမတ်အကြိုနေ့မှာ ဇီလန်းစကီးရဲ့ မွေးရပ်မြေကို ရုရှားက ပဲ့ထိန်းဒုံးကျည်နဲ့  ပစ်ခတ်တိုက်ခိုက်

Author CJ Platform
Categories
Published on Dec 25, 2024

ယူကရိန်းနိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ ခရာဗီရိဟ် မြို့က အဆောက်အအုံတစ်ခုကို ရုရှားဘက်က ပဲ့ထိန်းဒုံးကျည်နဲ့ ယမန်နေ့ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် လူထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ယူကရိန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

အဲဒီတိုက်ခိုက်မှုမှာ လူတစ်ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရကာ လေးဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့လည်း သိရပါတယ်။ ဇီလန်းစကီးရဲ့ ဇာတိမြို့ဖြစ်လည်းဖြစ်တဲ့ ခရာဗီရိဟ်မြို့ကို ခရစ္စမတ်အကြိုနေ့မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရုရှားရဲ့လုပ်ရပ်ကို ယူကရိန်း တာဝန်ရှိသူတွေက ရှုတ်ချထားပါတယ်။

 

“မကောင်းဆိုးဝါးတွေဟာ တိုက်ခန်း ၃၂ ခန်းပါပြီး လေးထပ်မြင့်တဲ့ လူနေအဆောက်အအုံတစ်ခုကို တိုက်ရိုက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ”လို့ မြို့တော်ရဲ့စစ်ဘက်အုပ်ချုပ်ရေးအကြီးအကဲ အိုလက်ဆန်ဒါ‌ဗယ်ကာလ်က တယ်လီဂရမ်မှာ ရေးသားဖော်ပြပါတယ်။

 

အပျက်အစီးပုံအောက်ကနေ ဆွဲထုတ်လာရတဲ့ လူတစ်ဦးကို ဆရာဝန်တွေက  အသက်မီအောင် မကယ်ဆယ်နိုင်ခဲ့ဘူးလို့လည်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး ဆာဟိဟ်လာဆက်ခ်က ဆိုပါတယ်။

ဒါ့ပြင် ‌အပျက်အစီးအောက်မှာ လေးနာရီကြာ ပိတ်မိနေတဲ့ အမျိုးသမီးတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ဆေးရုံကို ပို့ဆောင်ထားတယ်လို့ မစ္စတာဗယ်ကာလ်က ဆက်ပြောထားပါတယ်။

 

“ကမ္ဘာပေါ်က တခြားနိုင်ငံတွေ ခရစ္စမတ်ပွဲတော် ကျင်းပနေချိန်မှာ ယူကရိန်းနိုင်ငံသားတွေကတော့ ရုရှားရဲ့ အဆုံးမရှိတဲ့ တိုက်ခိုက်မှုကို ခံစားနေရပါတယ်” လို့ ယူကရိန်းလူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူ ဒီမီတရိုလူဘီနတ်စ်က တယ်လီဂရမ်မှာ ရေးသားပါတယ်။

 

အုပ်ချုပ်ရေးမှူး ဆာဟိဟ်လာဆက်ခ်က အပျက်အစီးပုံတွေကို ဖယ်ရှားနေတဲ့ ကယ်ဆယ်ရေးသမားပုံတွေ၊ ဖုန်မှုန့်တွေနဲ့ ပေပွနေတဲ့ လူတစ်ဦးကို ကယ်ဆယ်ပြီး လူနာတင်ယာဉ်ပေါ်တင်နေတဲ့ ပုံတွေကိုလည်း ဖော်ပြထားပါတယ်။

 

ခရာဗီရိသ်မြို့ဟာ ရုရှား-ယူကရိန်းစစ်မဖြစ်ခင်က လူဦးရေ ခြောက်သိန်းကျော်နေထိုင်ပြီး သံမဏိတွေထုတ်လုပ်တဲ့ မြို့လည်း ဖြစ်ပါတယ်။

 

မြို့ရဲ့ တောင်ပိုင်းဆင်ခြေဖုံးရပ်ကွက်တွေဟာ ရုရှားတပ်သိမ်းပိုက်ထားတဲ့ နေရာတွေနဲ့ မိုင် ၄၀ (၆၅ ကီလိုမီတာ) သာ ကွာဝေးပြီး စစ်ပွဲတစ်လျှောက်မှာ မကြာခဏဆိုသလို ဒုံးကျည်တွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံရလေ့ရှိပါတယ်။

 

ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှု စတင်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ကနေ အခုအချိန်ထိ အရပ်သားထောင်နဲ့ချီ သေဆုံးခဲ့ရပေမဲ့ ရုရှားဘက်ကတော့ အရပ်သားတွေကို တမင်ပစ်မှတ်ထား တိုက်ခိုက်တာမျိုး မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

 

ဓာတ်ပုံ – Press service of the State Emergency Service of Ukraine in Dnipropetrovsk region/Handout via REUTERS

 

ပုံစာ – ဒုံးကျည်ထိမှန်ပြီးနောက် ပျက်စီးသွားတဲ့ကားနဲ့ အဆောက်အအုံ အပျက်အစီးထဲ သေဆုံးသွားသူကို သယ်ဆောင်လာတဲ့ ကယ်ဆယ်ရေးသမားတွေကို တွေ့မြင်ရစဉ်

 

ကိုးကား – Reuters