စပိန်မှာ ဂူဂဲလ်လမ်းညွှန်မြေပုံက ဓာတ်ပုံနဲ့ လူပျောက်ဆက်စပ်နေသူနှစ်ဦးကို ဖမ်းဆီး

Author CJ Platform
Categories
Published on Dec 20, 2024

စပိန်နိုင်ငံရဲတပ်ဖွဲ့ဟာ လူပျောက်မှုတစ်ခုနဲ့ ဆက်စပ်နေတဲ့ လူနှစ်ဦးကို ဂူဂဲလ်လမ်းညွှန်မြေပုံ (Google Maps) ယာဉ်ကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့ တိုက်ဆိုင်စစ်ဆေးပြီး ဖမ်းဆီးခဲ့တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

လမ်းညွှန်‌မြေပုံအတွက် ဓာတ်ပုံတွေ လှည့်ပတ်ပြီးရိုက်ကူးနေတဲ့ Google Maps ရဲ့ ယာဉ်ဟာ လူတစ်ဦးက ကားရဲ့နောက်ခန်းထဲကို ကြီးမားလေးလံတဲ့ အရာတစ်ခုကို ထည့်သွင်းနေတုန်းမှာ ဓာတ်ပုံရိုက်ကူးမိခဲ့တာ ဖြစ်ပါတယ်။

 

ဒါကြောင့် ပျောက်ဆုံးနေပြီး သေဆုံးသွားတယ်လို့ ယူဆထားတဲ့လူတစ်ဦးရဲ့ အမှုကိစ္စနဲ့ ပတ်သက်လို့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်ဆိုပြီး ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

 

ပျောက်ဆုံးနေတဲ့သူဆီကနေ သံသယဖြစ်ဖွယ် စာတိုတွေ လက်ခံရရှိပြီးနောက်မှာ ပျောက်ဆုံးသွားတာဖြစ်တယ်လို့ ဆွေမျိုးတစ်ဦးက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ တိုင်ချက်လာဖွင့်ထားတာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

 

သူတို့နှစ်ဦးဟာ မကြာခဏဆိုသလို စကားပြောဖြစ်ကြပေမဲ့ ပျောက်ဆုံးသွားတဲ့သူဟာ ရုတ်တရက်  လက်တွဲဖော်အသစ်ကို ရှာတွေ့ပြီဖြစ်ပြီး နိုင်ငံရဲ့ အခြား‌အရပ်ကို ပြောင်းရွှေ့အခြေချတော့မှာဖြစ်ကြောင်း ဆွေမျိုးတော်စပ်သူဆီကို စာတွေ့ပို့လာပြီးနောက်မှာ သူ့ဖုန်းကို ဆက်သွယ်မရတော့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

တိုင်ကြားချက်ရရှိခဲ့ပြီးနောက် Google Maps က ဓာတ်ပုံတစ်ပုံဟာလည်း ရာဇဝတ်မှုတစ်ခုနဲ့ ဆက်စပ်နိုင်တာကို တွေ့ရှိလာရတဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ Google Maps မှာ အခုအချိန်ထိ ‌‌တွေ့ရနိုင်သေးတဲ့ ဓာတ်ပုံဟာ စပိန်နိုင်ငံမြောက်ပိုင်းက ကက်စတီးလ် (Castile) နဲ့ လီယွန် (Leon) ဒေသက ဆိုရီယာ (Soria) ခရိုင်တွင်းက တာဂျူအဲကို (Tajueco) ဆိုတဲ့ ရွာငယ်လေးတစ်ရွာက လမ်းပေါ်မှာ ရိုက်ကူးမိခဲ့တာ ဖြစ်ပါတယ်။

 

ဓာတ်ပုံထဲမှာ လူတစ်ယောက်ဟာ အရောင်ခပ်ဖျော့ဖျော့ အဝတ်စနဲ့ပတ်ထားတဲ့ အရာဝတ္ထုကြီးတစ်ခုကို ကားအနီရောင်ရဲ့ နောက်ဖုံးထဲကို ထည့်နေတာကို တွေ့မြင်ရပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်ကတည်းက ရိုက်ယူထားတဲ့ ရွာရဲ့ လမ်းကြောင်း အခြေအနေတွေကို အဆင့်မြင့်တင်ဖို့အတွက် Google Maps ရဲ့ကားက တာဂျူအဲကို ရွာလေးကို ပထမဆုံးအကြိမ်အဖြစ် လာရောက်ပြီး ဓာတ်ပုံရိုက်ယူတာဖြစ်တယ်လို့လည်း Google Maps ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

 

နိုဝင်ဘာ ၁၂ ရက်နေ့မှာ ရဲတပ်ဖွဲ့ဟာ ပျောက်ဆုံး‌နေတဲ့ အမျိုးသားရဲ့ ရည်းစားဟောင်းနဲ့ အဲဒီအမျိုးသမီးနဲ့ အရင်က ပတ်သက်ဆက်နွယ်မှု ရှိဖူးတဲ့ အမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးခဲ့ပြီး  လူပျောက်ဆုံးမှု သေဆုံးမှုတို့မှာ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲထားပါတယ်။

 

ရဲတပ်ဖွဲ့တွေဟာ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ရွာအနီးက သင်္ချိုင်းမှာ ဆိုးဆိုးရွားရွားဆွေ့မြေ့နေပြီဖြစ်တဲ့ ရုပ်အလောင်းတစ်ခုကိုလည်း တူးဖော်တွေ့ရှိခဲ့ပြီး အဲဒီရုပ်အလောင်းဟာ ပျောက်ဆုံးနေတဲ့ အမျိုးသားဖြစ်တယ်လို့ တရားဝင်အတည်မပြုနိုင်သေးပေမဲ့ သူဖြစ်နိုင်တယ်လို့ ယူဆရကြောင်း ပြောဆိုပါတယ်။ လက်ရှိမှာတော့ အမှုကို ဆက်လက်စုံစမ်းမှု‌တွေ လုပ်ဆောင်နေပါတယ်။

 

ဓာတ်ပုံ – Google Maps

 

ပုံစာ- စပိန်နိုင်ငံ တာဂျူအဲကိုကျေးရွာက လမ်းဆစ်လမ်းမှာ ကားနောက်ဖုံးထဲ အရာဝတ္ထုတစ်ခုကို ထည့်နေတဲ့ အမျိုးသားတစ်ဦးကို‌ တွေ့မြင်ရစဉ်

 

ကိုးကား – CNN